ရခိုင်နှင့် အစပ် ဧရာဝတီတိုင်းထဲက ဘောမိနှင့် ရွှေသောင်ယံမြို့နယ်ခွဲ တကြောရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေဖြစ်ပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်နေရကြောင်း ပုသိမ် သတင်းရင်းမြစ်များက ပြောသည်။
မကျီးဇင်ကို သိမ်းပြီးနောက် ဘောမိက တပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်း PDF တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်လိုက်ပြီဟု သတင်း ထွက်ပေါ်နေသော်လည်း Western News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ရွှေသောင်ယံ သတင်းရင်းမြစ်တစ်ဦးက “ဘောမိဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သာပေါင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ပြီးခဲ့တဲ့အပတ်က တိမ်းရှောင်သွားကြတဲ့ ရွှေသောင်ယံက မြို့ခံတွေ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ရခိုင်အဆုံးမြို့ ဂွမြို့ကို သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက PDF များဖြင့် ပူးပေါင်းကာ ရခိုင်-ဧရာဝတီအစပ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည်။
လက်ရှိတွင် ဂွမြို့-ရွှေသောင်ယံကြားရှိ မကျီးဇင်ဒေသကို AA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားပြီး ဘောမိဘက်ကတစ်ဆင့် မြစ်ကမ်းတစ်လျှောက်သိမ်းပိုက်ရန် ဦးတည်လာသည်။
ဘောမိနှင့် ရွှေသောင်ယံဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်ဆုတ်မှုများရှိပြီး တပ်အချင်းချင်း ပစ်ခတ်မှုရှိကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ညအချိန်မတော် ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများမှာ သပေါ့ကန်-အုန်းချောင်း -ရွှေသောင်ယံရပ်ကွက်များသို့ ခေတ္တခဏပြောင်းရွေ့နေထိုင်ကြရကြောင်း သိရသည်။
ဂွမြို့နယ်အစပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမိန့်မရပဲ မကြာခဏတပ်ဆုတ်ခြင်း /တပ်ပျက်ထွက်ပြေးခြင်း၊ တပ်အချင်းချင်း ထိတွေ့မှုဖြစ်ခြင်းတို့ကြောင့် စစ်ကောင်စီတပ် ဖရိုဖရဲဖြစ်နေပြီး ပုသိမ်သတင်းအထူးတပ်ဖွဲ့က ပြောသည်။
ရွှေသောင်ယံ တပ်ရိပ်သာ၊ ဝက်သေ၊ တပင်မော်၊ သပေါ့ကန်ဘက်ရှိ စစ်ကောင်စီတပ်ရင်းများမှ ဘောမိအထက်ဘက်ကို ကြိုတင်ခြောက်လန့်သည့်အနေဖြင့် လက်ကြီး ပစ်ခတ်နေခြင်း၊ ညပိုင်းများတွင် ကင်းထောက် Drone များပျံဝဲနေခြင်း၊ တပင်မှော်အမြောက်တပ်မှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်သည်ဟု သိရသည်။
ပုသိမ်မြို့အဝင်အထွက်နှင့် မြို့ထဲတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းတင်းကျပ်ကျပ် စစ်ဆေးလျှက်ရှိပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
The post ဧရာဝတီ-ရခိုင် အစပ်တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲ appeared first on Western News.