တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းတစ်ပြေးညီသတ်မှတ်နိုင်ရန် တိုင်းနှင့်ပြည်နယ်များရှိ စက်မှုဇုန်များအား အပြန်အလှန်စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အချိန်တစ်လသတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးမှ “ဒေသဆိုင်ရာစက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီများ”ကို နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးတွင်ဖွဲ့စည်းပြီးဖြစ်ကာ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေတို့တွင် တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ်ပြန်လည်ကြေညာရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်ဟု ပြောသည်။
ထို့ကြောင့် ထို့သို့ တည်ထောင်ပြီးစက်မှုဇုန်များ ၏ မြေပြင်ပကတိအခြေအနေအား မဖြစ်မနေစိစစ်ရန်လိုအပ်၍ စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းကို တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် တိုင်း/ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီးစက်မှုဇုန်များကို တိုင်း/ပြည်နယ်အချင်းချင်း အပြန်အလှန်စစ် ဆေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။