ylliX - Online Advertising Network

ပျော်ပျော်ရွှင်ရွှင်စိတ်ကြည်လင် အားကစားပြိုင်ပွဲဝင် | Myawady Webportal


 

ပျော်ပျော်ရွှင်ရွှင်စိတ်ကြည်လင် အားကစားပြိုင်ပွဲဝင်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ ဒီဇင်ဘာ  ၈  ရက်)

      လူတိုင်းသည်  မိမိတို့ဝါသနာပါရာ အလုပ်တစ်ခုခုကိုလုပ်ကိုင်နေရလျှင် စိတ်ထဲတွင် အလိုလိုပျော်ရွှင်၍ စိတ်ကြည်လင်နေတတ်သည်။ အနုပညာတွင် ဝါသနာပါသူသည် အနုပညာလုပ်ငန်းဖြင့် လည်းကောင်း၊ စာရေးခြင်းဝါသနာပါသူသည် စာရေးခြင်းလုပ်ငန်းဖြင့်လည်းကောင်း ပျော်ရွှင်စွာ လုပ်ဆောင်နေကြသည်။ ထို့အတူ  အားကစားတွင် ဝါသနာပါသူသည်  အားကစားလုပ်ဆောင်နေရလျှင်   စိတ်ရွှင်လန်းပေါ့ပါးကြည်လင်နေပေလိမ့်မည်။ အားကစားဟုဆိုရာတွင် ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ ကြက်တောင်၊ စက်ဘီးစီး၊ ဂျူဒို၊ အလေးမ၊ ကရာတေး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဝူရှူး၊  လက်ဝှေ့၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ ဘိလိယက်၊ စနူကာ၊  ပီတန်း၊ ခရစ်ကက်  စသည်ဖြင့် အားကစားနည်းများကိုစုပေါင်း၍ခေါ်ဆိုခြင်းဖြစ်သည်။  အားကစားသည်လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တစ်ခုဖြစ်သည်။

အားကစားတစ်ခုခုကို ထူးချွန်ပြောင်မြောက်စွာ ကစားနိုင်မည်ဆိုလျှင် ဘဝတစ်သက်တာအတွက်  အသက်မွေးဝမ်းကျောင်းပညာကို  ပိုင်ဆိုင်ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်   လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး ဟူသော လူမှုရေးဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားကဏ္ဍသည် ယှဉ်တွဲလျက်ရှိသကဲ့သို့ အဆိုပါကဏ္ဍနှစ်ခုနှင့်လူငယ်တို့သည် ဆက်စပ်လျက်ရှိသည်။ မျိုးဆက်သစ် လူငယ်များကို အကောင်းဆုံးပြုစုပျိုးထောင်ပေးနေခြင်းမှာ နိုင်ငံတော်အနာဂတ်ကို အလှပဆုံးဖြစ်အောင်ဆောင်ရွက်နေခြင်းဖြစ်သည်။

အားကစားနှင့်ပတ်သက်လာလျှင် မြန်မာတို့သည် သမိုင်းကောင်းများရှိခဲ့သည်။ တစ်ချိန်က  အရှေ့ တောင်အာရှတွင် ထွန်းလင်းတောက်ပသော  အားကစားခေတ်တစ်ခေတ်ကို ပိုင်ဆိုင်ခဲ့သည်။ အားကစားဆိုသည်မှာ  စိတ်ခွန်အား၊ ကာယဗလခွန်အားတို့နှင့်အတူ အောင်စိတ်ကိုယှဉ်တွဲထားပါက  အောင်မြင်ရမည်သာဖြစ်ကြောင်း  သင်ခန်းစာယူစရာများ ရှိထားသည်။ ၂ဝ၁၃ ခုနှစ်က (၂၇)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပွဲတော်ကို   မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပခဲ့ရသည်။ အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကို စိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်၊ ခမ်းနားထည်ဝါစွာကျင်းပခဲ့သည့် မြင်ကွင်းများမှာ  မြန်မာဆိုသည့်ဂုဏ်ရှိန်ကို  ပီပြင်စွာပြသနိုင်သည့်ပွဲတော်ဖြစ်ခဲ့သည်။  အဆိုပါ(၂၇)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခုဆွတ်ခူးရရှိခဲ့သည်။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုတိုင်ထိပ်မှာတင် မြန်မာနိုင်ငံတော်သီချင်းဖွင့်ပြီး (၈၆) ကြိမ်တိုင်တိုင် အလေးပြုရသည့်မြင်ကွင်းများမှာလည်း  မျက်ရည်ကျရသည်အထိ  ဝမ်းသာပီတိများဖြစ်ခဲ့ကြရသည်။

ယခုကျင်းပသည့် ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်တွင် စုစုပေါင်းအားကစားသမား ၁၂ဝဝဝ ခန့်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။  ပြိုင်ပွဲ၏ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်တွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂ဝ ရက်တွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်အဆင့်အားကစားပွဲတော်ကြီး ဖြစ်သည်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပမည်ဖြစ်ရာ အလွတ်ခုန်လေထီးစစ်သည်များက တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော် အလံသယ်ဆောင်၍ ကွင်းအတွင်းဆင်းသက်မည့် အစီအစဉ်ပါဝင်သည်။ ရဟတ်ယာဉ်နှစ်စင်းဖြင့် အမြင့်ပေ ၆ဝဝဝ မှ ရှစ်ယောက်တွဲ ခုန်ကြမည်ဖြစ်သည်။ အမြင့်ပေ ၆ဝဝဝ မှ  လေထီးအလွတ်ခုန်၍ သတ်မှတ်အမြင့်ပေ ၄၅ဝဝ တွင်လေထီးဖွင့်ကာ အပေါ်မှအနိမ့်အမြင့်စီ  ဆင်းသက်မည်ဖြစ်သည်။ လှပထူးခြားသောမြင်ကွင်း၊ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို  မြင်တွေ့ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကို နိုင်ငံတော်၏အားကစား အဆင့်အတန်းပိုမို တိုးတက်မြင့်မားလာစေရန် (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်  အခြားနိုင်ငံတကာပြိုင်ပွဲများတွင်  ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော  လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးများနှင့်  ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊  ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စား လာပြီး အားကစားလှုပ်ရှားများတွင် ပါဝင်လာစေရန်ဟူသည့်  ဦးတည်ချက်(၅)ရပ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ယခုအခါ  အဆိုပါအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ ၂ ရက်မှစတင်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌   အကြိတ်အနယ်ယှဉ်ပြိုင် ကစားနေကြပြီဖြစ်ပေရာ ပျော်ပျော်ရွှင်ရွှင် စိတ်ကြည်လင်နှင့် အားကစားပြိုင်ပွဲဝင်နေသူများကို  မြင်တွေ့ရပါကြောင်း ရေးသားလိုက်ရပေသည်။   ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *