ylliX - Online Advertising Network
AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ - Western News

AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ – Western News


အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။

သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ဦးရွှေဇံအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်အား ရှာဖွေမွှေနှောက်၍ Iphone 13 Pro ၁ လုံး၊ Redmi K 30 လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းသွားပြီး လက်ရှိတွင် ဦးရွှေဇံကို နိုဝင်ဘာလ ၂၇ ရက်နေ့က သာကေတရဲစခန်းမှတစ်ဆင့် စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မည်သည့်စစ်ကြောရေးကို ခေါ်ဆောင်သွားသည်ကို မသိရှိရ၍ မိသားစုဝင်များမှာ စိတ်ပူနေကြသည်ဟု နီးစပ်သူများက ပြောသည်။

အငြိမ်းစား ရဲမှူး ဦးရွှေဇံအား သာကေတရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော်လည်း မည်သည့်ပုဒ်မဖြင့် တပ်ထားသည်ကို မသိရရှိသေးပေ။

ရဲမှူး ဦးရွှေဇံ သည် ဦးအေးမောင်၏သားဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးဖြစ်ကြောင်းနှင့် ရခိုင်ပြည် မည်သည့်မြို့နယ်ကဖြစ်သည်ကိုတော့ မသိရသေးပေ။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် တစ်လကျော်ကလည်း ရခိုင်-မြန်မာ အဆိုတော် ရခိုင်အမျိုးသမီး မဆုမြတ်ထက်ကိုလည်း အာဏာသိမ်း စစ်ကောင်စီက နေအိမ်ကနေ ဖမ်းဆီးသွားပြီး လက်ရှိတွင် စစ်ကြောရေး၌ စစ်ရေးခံနေရကြောင်းနှင့် ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *