ylliX - Online Advertising Network

ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ – Kachin News Group (KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့  ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ်မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲ တာအပြင် မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လိုတွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ် သူတို့လည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် သိသိသာသာ စစ်ရေးလှုပ်ရှားလာကြတယ်။ အင်အားတွေလည်း ထပ်ဖြည့်တာတွေရှိနေတယ်”လို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နယ်စပ်ဒေသရှိ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းလိုက်တဲ့နောက် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဘက်ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၂၇ ရက်နေ့ နန်ဇော်ယန်ရွာဘက် လေယာဉ်ဗုံးကြဲတာ၊ KIA/PDF တပ် လှုပ်ရှားနယ်မြေ နေရာတစ်ချို့ကို ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းပိတ်ထားကာ ခရီးသည်ကား၊အိမ်စီးကား၊ကုန်တင်ကား အားလုံးကို လုံး၀ဖြတ်သန်းခွင့်မပေးဘဲ ဆိုင်ကယ်တွေကိုတော့ ခဏတဖြုတ် လမ်းပေးဖြတ်တယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ ဘက် စစ်ရေးလှုပ်ရှားမှုစတင်လာ တာနဲ့တစ်ချိန်တည်းမှာပဲ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကိုလည်း ပိတ်လိုက်၊ဖွင့်လိုက် လုပ်နေတယ်လို့ သိရပါတယ်။ အလားတူ ဝိုင်းမော်မြို့ကနေ လိုင်ဇာသွားလမ်းပိုင်းရှိ ရွှေညောင်ပင်ရွာမရောက်ခင် ခတ်ချိုလမ်းခွဲ၊ ခါးရှီမှာလည်း လမ်းပိတ်ထားသလို ဝိုင်းမော်မြို့– ဆဒုံး– ကံပိုင်တည်လမ်း ဝိုင်းမော်မြို့အထွက် ခလရ ၅၈ တပ်ရင်းကနေ ၀ူယန်အထိ စစ်ကောင်စီတပ် ဘက်က နေရာယူလှုပ်ရှားနေပြီး ၀ူယန်အထက် ဝါရှောင်၊ ချီဖွေ၊ ဆဒုံး၊ကံပိုင်တည်လမ်းပိုင်းအားလုံး KIA ဘက်က သိမ်းပိုက်ရရှိပြီး နေရာယူထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝိုင်းမော်မြို့ထဲ၊မြို့ပြင်အားလုံး လုံခြုံရေး တိုးမြှင့်တင်းကြပ်ထားသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရာ၀တီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့  ၂ ဖွဲ့စလုံး လှုပ်ရှားနေတာကြောင့် မကြာခဏ တိုက်ပွားနေဖြစ်နေတယ်လို့ သိရပါတယ်။ […]

ကချင်အထူးဒေသ (၁) ကို KIA သိမ်းပိုက်၊ တရုတ်က တိုက်ပွဲမဖြစ်ဖို့ KIA ကို ထပ်ပြီးသတိပေး – THE 74 MEDIA

(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရဲ့နောက်ဆုံးတပ်ရင်းဖြစ်တဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းကို KIA ပူပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တဲ့အပြင် ဗန်းမော်-မိုးမောက်မြို့ကြားမှာ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသလို တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်နဲ့ KIO/KIA ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ Post navigation Source link