နေပြည်တော်နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်း တွင် ဇန်နဝါရီ ၃ ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည် ဟု သိရသည်။
PDF တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် (၃၅၀၄) တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နေပြည်တော် အမှတ် (၉၀၁)တပ်ရင်းမှ ရဲဘော် ၃ ဦး တို့ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ထိုတပ်ရင်း ၂ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြသည်။
တိုက်ပွဲမှာ ဇန်နဝါရီ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့ကြောင်း စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“နှစ်ရက်ဆက်ဖြစ်တယ်။ ပထမရက်မှာ ထိတွေ့မှုဖြစ်တယ်။ အဲဒီရက်မှာ အကျဆုံးမရှိဘူး။ ဒုတိယနေ့ မှာမှ ထိတွေ့မှုဖြစ်ပြီးတော့ ထိခိုက်ကျဆုံးမှု ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။
“ပထမနေ့က ဖြစ်တာ ရေလွဲကျေးရွာမှာ ဖြစ်တယ်။ ဒုတိယနေ့မှာဖြစ်တာက ပိန္ဒဲပင်မှာ ဖြစ်တယ်၊ ဒီကျဆုံးတဲ့ရဲဘော်တွေရဲ့ ဖြစ်တဲ့နေရာကတော့ ရေလွဲနဲ့ အုတ်သဲစုလမ်းဆုံနေရာမှာ”
ထို ၈ ဦးမှာ အမှတ် (၃၅၀၄) တပ်ရင်းမှ ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် အောင်လေး (ခ) နေမျိုးအောင်၊ ရဲဘော်နဂါး (ခ) လျှမ်းထက်၊ ရဲဘော် ဇွဲကို (ခ) မိုးမင်းကို၊ ရဲဘော် ဘိုဘို ၊ ရဲဘော်စွန်ရဲ(ခ) လှိုင်မင်းဦး၊ ရဲဘော်တယော(ခ) နိုင်ထက်ဝေနှင့် ရဲဘော်ဖိုးတေ(ခ) မင်းမင်းဦးတို့ ဖြစ်ကြသည်။
စစ်ကောင်စီစစ်ကြောင်း ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။
“တောင်ကြောနဲ့ ဆက်နေတာဆိုတော့ တောင်ကြောပေါ်ရောက်သွားရင် ချက်ချင်းကြီး တိုးလို့လည်း မရတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့။ အဲဒါကြောင့် သူတို့ရဲ့ ရုပ်အလောင်းကို ပြန်မရဘူး။ နာရေး ကိစ္စကတော့ နောက်ကြမှ ပြုလုပ်ပေးရမဲ့ အနေအထားပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများတွင် ရေတာရှည်မြို့နယ်၌ PDF ၁၀ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိကြောင်း ဇန်နဝါရီ ၃ ရက်နေ့က ဖော်ပြထားကြသည်။
ယင်းနေ့ နေ့လယ်က ရေတာရှည်မြို့နယ် ပိန္နဲပင်ဆိပ်ရွာတွင် PDF ၄၀ ခန့်နှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်၊ PDF ဘက်မှ ၁၀ ဦး သေဆုံးသည်ဟု ရေးထားကြသည်။
စစ်တောင်းမြစ် ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီတပ် ဘက်တွင်လည်း ထိခိုက်မှုရှိသည်ဟု ဆိုသည်။
“ စစ်တပ်ဘက်ကအကျဆုံးကတော့ တိကျမှုတော့ မရှိဘူးဗျ။ မြေပြင်သတင်းတွေ ထောက်ကြည့်တာ တော့ အနည်းဆုံး ထိခိုက်ကျဆုံးပေါင်း ၄၀ ၊ ၅၀ ထက်တော့ မနည်းဘူးလို့တော့ သတင်းလှမ်းပို့တယ်။ တိကျမှုမရှိတဲ့အတွက် တရားဝင် သတင်းမထုတ်ပြန်တာပါ။ ထိတွေ့တိုက်ပွဲနှစ်ရက်မှာတော့ မြေပြင် ရဲဘော်တွေရဲ့ပြောကြားချက်အရကတော့ ထိတွေ့မှုဖြစ်တယ်၊ ရန်သူအကျဆုံးရှိတယ်ပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို ယခုနှစ်ဆန်းကတည်းက ထိုးစစ်ဆင်နေပြီး လက်ရှိတွင် စစ်ကြောင်း ၂ ကြောင်း လှုပ်ရှားနေသည်ဟု သိရသည်။
“ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကို ဦးတည်ပြီး စစ်ရေးပစ်မှတ်ထားနေတယ်ပေါ့၊ နှစ်စကတည်းက အလုံးရင်းနဲ့ အင်အားနှစ်ရာလောက်နဲ့ ထိုးပြီး အရှေ့ဘက်မှာလှုပ်ရှားနေတယ်။ အခုချိန်ထိလည်း တောင်ငူကနေပြီးတော့ ထပ်ပြီးတော့ အင်အား ဖြည့်လာတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၃ ခု နိုဝင်ဘာ ဒုတိယအပတ်မှစ၍ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ၂၀၂၄ အောက်တိုဘာလအတွင်း စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေတာရှည်တစ်မြို့နယ်တည်းမှာပင် ဒေသခံ ၄ ဦး သေဆုံးခဲ့သည်။
နိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်းတောင်တန်းများကြားတွင် တည်ရှိပြီး စစ်ရေးအရ အချက်အချာကျသော စစ်တောင်းမြစ်ဝှမ်းဒေသတွင် ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုက ကြိုးပမ်းနေသည်။တောင်ငူ-ရေတာရှည်-ဆွာ စသည့် မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းရုံး (KNU) ၏ တပ်မဟာ (၂) လှုပ်ရှားနယ်မြေ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ကလည်း ထိုဒေသတွင် KNU နှင့် ပူးပေါင်းလှုပ်ရှားနေသည်။