ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ လုပ်ဆောင်နေမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများသည် လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရသည်။
ယခုအခါ တပ်မတော်၏ နယ်မြလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် နယ်မြေဒေသပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဘေး ဝဲ/ယာ နေရာများနှင့် လုဒ်မယ်တော်ကျောင်း(မယ်တော်ဂူ)နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။