ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအနီး စစ်ကူလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာ နှစ်ဘက် ထိခိုက်မှု ရှိသည်ဟု သိရသည်။
ဒီဇင်ဘာ ၃၀ မှ ဇန်နဝါရီ ၂ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်များက ရိက္ခာနှင့်စစ်ကူလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူပို့ရန်နှင့် လူနာ သယ်ရန်လာသော အင်အား ၁၅၀ ခန့်ပါ တပ်မ (၄၄ ) စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲဒုတိယနေ့ ညနေပိုင်းတွင် အဆိုပါစစ်ကြောင်း ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် အနန်းကွင်းဗျူဟာစခန်းက ၈၁ မမ များဖြင့် ပစ်ခတ် ခုခံသည်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အခြေစိုက် အမှတ် (၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းက လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂ တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာ တိုက်ခိုက်ရေးလေယာဉ် ၃ စီးဖြင့် ၆ ကြိမ် လာရောက် တိုက်ခိုက်သည်၊ လက်နက်ကြီးပစ်ကူလည်း အများအပြားအသုံးပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပူးပေါင်းတပ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့များလည်း ပါဝင်သည်။
SOF တာဝန်ခံ ကိုအောင်စံရှားက အင်အား ၁၆၀ နှင့် ၂၀၀ ကြားရှိ စစ်ကြောင်းတစ်ခု ချည်းကပ်လာ၍ ဒီဇင်ဘာမှ ဇန်နဝါရီပထမပတ်အတွင်း အနန်းကွင်းအနီး ၂ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
“ စစ်ကြောင်း ၂ ခု ပြိုင်တူ ထိုးသလို ဖြစ်နေတာပေါ့။ ၂ နေရာလုံးမှာ တိုက်ပွဲဖြစ်တာပေါ့။ တစ်နေရာမှာ တော့ KNLA နဲ့ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ နောက် ဒီ အနန်းကွင်းစခန်းနဲ့ အနီးပေါ့ အဲဒီအနားမှာ KNLA နဲ့ SOF၊ နဂါးနီတပ်ဖွဲ့တွေ နောက် ဒရုန်းတပ်ဖွဲ့ တွေ ၊ SOG တပ်ဖွဲ့တွေ နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး စစ်သား ၃၀ ကျော် လက်နက် ချခဲ့သည်၊ လက်နက်ကြီး၊ လက်နက် မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
ဆက်လက်ပိတ်ဆို့ဖြတ်တောက်ထားသော်လည်း စစ်ကူစစ်ကြောင်းက အနန်းကွင်းဗျူဟာသို့ ဝင်ရောက်သွားနိုင်ကြောင်း မြေပြင်စစ်ရေးရင််းမြစ်များနှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။
“ (အနန်းကွင်းက) ပွဲရှည်မို့ ၄ လကျော် ၅ လလောက်ရှိပြီးဆိုတော့ ရန်သူလည်း အကျများ၊ ကျွန်တော် တို့ဘက်ကလည်း ကျတာပါပဲ။ အထူးသဖြင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကြောင့် ကျွန်တော်တို့ အထိနာသွားတဲ့သဘောပါ” ဟု ထိုသူက ဆိုသည်။
SOF တာဝန်ခံကလည်း စစ်ကူလာသောစစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများကာ အနည်းငယ်ကမူ အနန်းကွင်းဗျူဟာစခန်းထဲကို ရောက်ရှိသွားကြောင်း ပြောသည်။
ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ၃ ဦး သေဆုံး၊ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း NUG တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ချက်အရ သိရသည်။
“ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှာလည်း ထိခိုက်ကျဆုံးမှု နည်းနည်းရှိတယ်။ ထိခိုက်ဒဏ်ရာရတာ တွေလည်းရှိတယ်။ လက်နက်ကြီး လေယာဉ်ဗုံးကြဲမှုတွေကြောင့်ပေါ့” ဟု SOF တာဝန်ခံက ပြောသည်။
“ လက်နက်ကြီး၊ ကျည်ခဲယမ်း၊ ဒီအခက်အခဲကတော့ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဒီစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရမိမယ်လို့ ပြောလို့ရပါတယ်”
အနန်းကွင်းဗျူဟာစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့် ရှိနေသည်ဟု သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အကြား စစ်ရေးအရ အချက် အချာ ကျသည့် အနန်းကွင်းဗျူဟာကို ၂၀၂၄ ဇွန်လကတည်းက KNLA , SOF, PDF ပူးပေါင်းတပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။
“ တိုက်ပွဲပြင်းထန်တာကတော့ ၂၀၂၄ ခုနှစ် ၉ လပိုင်း၊ ၁၀ လပိုင်း၊ ၁၁ လပိုင်းပေါ့။ အဲဒီအချိန်တွေမှာ တိုက်ပွဲ ပြင်းထန်တယ်။ အဲဒီအချိန်ကတည်းက စစ်ကောင်စီကနေပြီးတော့ စစ်ကြောင်းတွေ တောက်လျှောက်ထိုးခဲ့တာပေါ့။ ထိုးလာတဲ့စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲ အမြဲတမ်းဖြစ်နေတယ်။ ဒီဖက် စခန်းကိုလည်း အစ်ကိုတို့က ဒရုန်းတွေနဲ့ လက်နက်ကြီးတွေနဲ့ အမြဲတမ်း ပစ်ခတ်တိုက်ခိုက်နေ တာ ရှိပါတယ်” ဟု SOF တာဝန်ခံက ပြောသည်။
ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၃၆ မိုင်အကွာရှိ အနန်းကွင်းကျေးရွာသည် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပေါ်တွင် တည်ရှိပြီး ဂျပန်ခေတ်က တည်ဆောက်ခဲ့သည့် နာမည်ကျော် သေမင်းတမန် ရထားလမ်း ဖြတ်သန်းရာ ကျေးရွာဖြစ်သည်။
ကရင်၊ ဗမာနှင့် မွတ်ဆလင်တချို့ နေထိုင်ပြီး လူဦးရေ ၁၀၀၀ ထက်မနည်း ရှိသော ရွာကြီးဖြစ်သည်။
စစ်ကောင်စီဗျူဟာကုန်းသည် ထိုကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် အထက်တန်းကျောင်းအကြား သံဖြူဇရပ်- ဘုရားသုံးဆူ ပြည်ထောင်စုလမ်းမကြီးဘေး ကပ်လျက် တည်ရှိသည်။
SOF တာဝန်ခံက အနန်းကွင်းဗျူဟာစခန်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်တွင် အင်အား အကြီးဆုံးနှင့် တစ်ခုတည်းသောကျန်သော ဗျူဟာအထိုင်စခန်းဟု ဆိုသည်။
“ ဒီစခန်းက နည်းနည်းတော့ အချိန် ပေးရတယ်။ KNLA ရဲ့ စစ်ဆင်ရေးဦးဆောင်မှုဗျူဟာအတိုင်း ကိုယ့်လူ အထိခိုက်နည်းတဲ့ပုံစံနဲ့ ရန်သူကို တဖြည်းဖြည်းနဲ့ စခန်းသိမ်းရတာပေါ့။ မရဘူးဆိုတာတော့ မရှိဘူး။ နည်းနည်းတော့ အချိန် ပေးရတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကလည်း အနန်းကွင်းကျေးရွာတောင်ဘက် ၃ မိုင်ခန့် အကွာ သံပုရာချောင်းဖျားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အသက် ၃၀ ကျော်အရွယ် စောသဲမူး သေဆုံး၊ ၃၃ နှစ်အရွယ် နော်အဲ့တာမူး ဒဏ်ရာရကာ နေအိမ် ၂ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု ပျက်စီးခဲ့သည်။
PDF တောင်ပိုင်းစစ်ဒေသအဆိုအရ နှစ်သစ်ကူးကာလ ၇ ရက်အတွင်း ထိတွေ့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားထားကြောင်း သိရသည်။
အလားတူ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရန် ရောက်ရှိ လာသော အောင်ဇေယျစစ်ကြောင်းသည် PDF ဗျူဟာ ၃၂၊ ဗိုလ်တာဘော ဦးဆောင်သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့နှင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်။
စစ်ကောင်စီဘက်ကမူ ကရင်ပြည်နယ်တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိပေ။ စစ်တပ်ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများကမူ အနန်းကွင်းစခန်းနှင့် ဝန်းကျင်တစ်ဝိုက်သို့ အင်အား ဆယ်ချီက ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ KNLA,PDF များ ဆုတ်ခွာသွားကြောင်း၊ ၇ လောင်းနှင့် လက်နက် ၄ လက်၊ ၄၀ မမဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ကျည်အိမ် ၂ ခု၊ ကျည် ၆၃ တောင့်၊ ရှေ့ထွက်မိုင်း ၈ လုံး၊ အိုင်ကွန် ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ဘန်ကာ ၄ လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ ၁ ဦးကျကာ ၄ ဦး ဒဏ်ရာရကြောင်း ဖော်ပြထားကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် မန္တလေးသည် အရေးကြီး ရှေ့တန်းစစ်မျက်နှာဖြစ်လာပြီး နေပြည်တော်၊ မိတ္ထီလာ၊ တောင်ငူ၊ ရန်ကုန်တို့ကိုပါ ပုံမှန် တိုက်ခိုက် လာနိုင်သည်ဟု ဖော်ပြထားသည်။
တောင်ပိုင်းစစ်ဒေသတွင် ပါဝင်သော ပဲခူးတိုင်းအနောက်ခြမ်းနှင့် မကွေး (တောင်ပိုင်း) ၊ ဧရာဝတီတိုင်းတို့တွင် လှုပ်ရှားစစ်၊ ပြောက်ကျားစစ်များ ကျယ်ပြန့်လာသည်ဟု ဖော်ပြထားသည်။