ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ သူအပါအဝင် သူဇနီးပါသေဆုံးခဲ့ပြီးတခြား လူ ၃ ဦးကို ထိမှန်တာကြောင့် ဒဏ်ရာတွေရခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် ၂ဦးပွဲချင်းပြီး သေဆုံးကာ ၃ဦးက ဒဏ်ရာတွေပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
“မနေ့ညက ရေပူကျေးရွာဘက်မှာ အုပ်ချုပ်ရေးမှူးရုံးနောက်က BGF တပ်ဖွဲ့ဝင်တယောက်ပေါ့ ကိုထွန်းမင်းဦးလို့ခေါ်တယ်။ ထွန်းမင်းဦးကိုင်ဆောင်ထားတဲ့ လက်ပစ်ဗုံးက သူဖာသူထပေါက်တော့ သူတို့လင်မယား ၂ဦးလည်းသေတယ်။ ထိခိုက်ဒဏ်ရာရတာက ၃ဦး လောလောဆယ် ဆေးရုံတင်ထားရတယ်။ ကိုထွန်းမင်းဦးတို့လင်မယားကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်တာဗိုက်ကြီးတဦးအပါအဝင်ဒဏ်ရာရရှိကြတယ်၊ သူ့ရဲ့ယူနီဖောင်းမှာရှိတာကနေ ထပေါက်တာ စနက်တံပြုတ်ပြီး ထပေါက်တာ”
သေဆုံးသူကတော့အသက် ၃၃နှစ်အရွယ် BGF တပ်ဖွဲ့ဝင်ကိုထွန်းမင်းဦးနဲ့ အသက် ၂၆နှစ်အရွယ်သူရဲ့ဇနီး မစန္ဒာတို့ ကသေဆုံးသွားခဲ့တာပါ၊ အခုလိုမျိုး မတော်တဆ ဗုံးပေါက်ကွဲတာ ကျည်ဆံထွက်တာတွေဟာ ပြီးခဲ့တဲ့တနှစ်လုံးမှာ ၅ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေက မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ် ။ မြ၀တီမြို့မှာတိုင်းရင်းသားလက်နက်ကိုင် ၅ဖွဲ့ထက်မနည်း ရှိနေပြီး လက်နက်တွေ လက်ပစ်ဗုံးတွေနဲ့သွားလာနေကြတာဖြစ်ပါတယ်။ အချင်းချင်းပြဿနာဖြစ် အချင်းများတဲ့အခါမှာလည်း လက်နက်ကိုသုံးပြီးတိုက်ခိုက်တာတွေရှိတဲ့အတွက်လည်း သေဆုံးမှုတွေရှိနေပါတယ်ရှင်။