မြန်မာ-အိန္ဒိယနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ ဂျန်ဒေခရိုင်၊ တင်နိုပယ်ခရိုင်နဲ့ ကမ်ဂျွန်ခရိုင်တွေက မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ အာဏာပိုင်တွေရဲ့ နှင်ထုတ်ခံနေတဲ့အတွက် ပြန်ဖို့ပြင်ဆင်နေကြပြီလို့ စစ်ဘေးရှောင်နဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒေသခံတွေက မနှစ်သက်တာကြောင့် အာဏာပိုင်တွေဆီ တိုင်ကြားမှုအများအပြားခံရပြီးနောက် အခုလို ပြဿနာနဲ့ရင်ဆိုင်လာကြရတာလို့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ခရိုင်သုံးခုထဲက ကမ်ဂျွန်နဲ့ တင်နိုခရိုင်ထဲက စစ်ရှောင်တွေကို မပြန်မနေရ မောင်းထုတ်ခံထားရပြီး ကမ်ဂျွန်ခရိုင်နေသူတွေကို မနက်ဖြန် ဇန်နဝါရီ ၈ ရက်နောက်ဆုံးထားပြောင်းပေးဖို့ ဖိအားပေးခံထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီခရိုင်က မြန်မာစစ်ဘေးရှောင်တွေ ပြောင်းရွှေ့ဖို့ပြင်ဆင်နေကြပြီဖြစ်ပြီး ချင်းပြည်၊ တမူးမြို့နယ်ထဲ အများစုပြန်ကြဖို့ စီစဉ်ထားတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ကမ်ဂျွန်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာစစ်ဘေးရှောင်စခန်းနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာတွေဆီ လာရောက်ပြီး အဲဒီကနေ အမြန်ဆုံးထွက်သွားကြဖို့နဲ့ နေရပ်ပြန်ကြဖို့ ပြောဆိုသွားတယ်လို့ စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အဓိကတော့ ဒေသခံတွေက မြန်မာစစ်ဘေးရှောင်တွေ လာနေထိုင်တာ မကြိုက်ကြဘူး။ အဲဒါကြောင့် သူတို့က ရွာအုပ်ချုပ်ရေးမှူးဆီ တိုင်တယ်။ အုပ်ချုပ်ရေးမှူးက မြန်မာစစ်ဘေးရှောင်တွေပြန်ကြဖို့ ပြောတယ်။ စစ်ဘေးရှောင်တွေကလည်း ပြန်လာဖို့အခြေအနေက အဆင်မပြေတော့ မပြန်ကြဘူး။ အဲဒါကို အုပ်ချုပ်ရေးမှူးက ထပ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့တာဖြစ်မယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က လာပြီး အခုလို စစ်ဘေးရှောင်တွေနဲ့တွေ့ပြီး ပြန်ကြဖို့ လာပြောတာပါ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီပထမပတ်အတွင်း တင်နိုပယ်ခရိုင်နဲ့ ဂျန်ဒေခရိုင်တို့မှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေလည်း နေရပ်ပြန်အောင် ဒေသတွင်းအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ဒေသခံတွေရဲ့ နည်းမျိုးစုံ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။
“ရွာက အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၆ ရက်နေ့က ရွာသားတချို့ကို နေရပ်ပြန်ကြဖို့ ခေါ်ပြောတယ်။ အရင်လတွေကလည်း အခုလို မကြာခဏပြောပါတယ်။ ဒီဘက်မှာနေတာ ရွာသားတွေကလည်း မကြိုက်ကြဘူး” လို့ တင်နိုပယ်ခရိုင်က စစ်ဘေးရှောင်စခန်းတစ်ခုနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြန်မာစစ်ဘေးရှောင်တွေ လာရောက်နေထိုင်တဲ့အတွက် အလုပ်အကိုင်တွေလုလုပ်နေရသလို ဒေသခံတွေ အလုပ်ရှားလာတယ်လို့ သူမက ပြောပါတယ်။
“တောင်ယာခုတ်လည်း သူတို့ခုတ်မယ့်နေရာကို ဝင်ခုတ်တယ်လို့ပြောတယ်။ ပြီးတော့ လမ်းသွားလမ်းလာ သူများအခင်းကနေ ဖြတ်မလျှောက်ဖို့ မြန်မာစစ်ဘေးရှောင်တွေကို အော်ပြောဆူဆဲတာတွေရှိတယ်။ မြန်မာပြည်အဝင်အထွက်လုပ်ရင်တောင် တင်းကျပ်တာတွေရှိတယ်” လို့ သူမက ပြောပါတယ်။
အခုလို အာဏာပိုင်အဖွဲ့နဲ့ ဒေသခံတွေရဲ့ နေရပ်ပြန်ဖို့ ဖိအားပေးခံရနေရတဲ့အတွက် မြန်မာစစ်ဘေးရှောင်တချို့ နေရပ်ပြန်ဖို့ ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကလည်း ကမ်ဂျွန်ခရိုင်၊ နန်မလီကျေးရွာက မြန်မာစစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ဒေသခံတွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ ဖိအားပေးမှုကြောင့် နေရပ်ပြန်ခဲ့ရပါတယ်။
မဏိပူရ်ပြည်နယ်၊ ဂျန်ဒေခရိုင်၊ တင်နိုပယ်ခရိုင်၊ ကမ်ဂျွန်ခရိုင်တွေမှာ မြန်မာစစ်ဘေးရှောင် ၆,ဝဝဝ ခန့်ရှိပြီး သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အစောပိုင်းက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က တိုက်ပွဲအတွင်း ထွက်ပြေးလာသူတွေဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန်ခရိုင်က နေရပ်ပြန်လာကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို တွေ့မြင်ရစဥ်(ပုံဟောင်း)