Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။
“နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်”
မူရင်းလင်ခ့် – Facebook link | Archive link
အချက်အလက်စိစစ်ချက်
အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News မှာ ၁၉၈၅ ခုနှစ်လောက်က စတင်ဖြန့်ဝေခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းဖြစ်တာတွေ့ရပါတယ်။ ဒီအထဲမှာတော့ Pan American Flight 914 ဟာ ၁၉၅၅ ခုနှစ်က အမေရိကန်နိုင်ငံမြို့တော် နယူးယောက်ကနေ မီယာမီမြို့ကို ဦးတည်ပျံသန်းလာစဉ်မှာပဲ နှစ် ၃၀ လောက် ထူးထူးဆန်းဆန်းပျောက်ဆုံးနေရာကနေ ဗင်နီဇွဲလား မြို့တော် ကာရာကတ် လေယာဉ်ကွင်းမှာ ၁၉၈၅ ခုနှစ်မှာ ပြန်လည်ဆင်းသက်လာခဲ့တယ်လို့ ဆိုထားပါတယ်။
အဝါရောင်သတင်းစာတို့ရဲ့ ထုံးစံအတိုင်း အချက်အလက် မှန်ကန်မှုထက် လူစိတ်ဝင်စားမှုရဖို့အတွက် အကြောင်းအရာတွေကို လုပ်ကြံရေးသားတာ၊ ချဲ့ကားရေးသားတွေ၊ သရော်စာတွေကို အဓိက ဖော်ပြတဲ့ The Weekly World News ဟာ ၂၀၀၉ ခုနှစ်မှာတော့ အွန်လိုင်းကသာ ရေးသားဖြန့်ဝေပါတော့တယ်။ သူ့ရဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
၁၉၃၄ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်း အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန လေယာဉ်မတော်တဆမှုများ စုံစမ်းစစ်ဆေးမှုဆိုင်ရာမှတ်တမ်းတွေမှာလည်း ဒီ Pan American လေယာဉ်အမှတ် ၉၁၄ ထူးဆန်းစွာ ပျောက်ဆုံးမှုအကြောင်း မှတ်တမ်းတင်ထားတာမရှိပါဘူး။
သုံးသပ်ချက်
တကယ်တမ်းမှာတော့ Pan Am Flight 914 ဇာတ်လမ်းသည် အတုအယောင်တခုသာဖြစ်ပြီး ဒီအကြောင်းအရာဟာ အဝါရောင်သတင်းစာ Weekly World News မှာ ၁၉၈၅ ခုနှစ်က ပထမဆုံးဖော်ပြခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတခုကနေ စတင်လာပါတယ်။ ကနဦး ဇာတ်လမ်းမှာတော့ ဒီလေယာဉ်ဟာ ၁၉၅၅ ခုနစ်မှာ ပျောက်ဆုံးသွားပြီး နှစ် ၃၀ အကြာ ၁၉၈၅ ခုနှစ်မှာ ပြန်ပေါ်လာတယ်လို့ ဆိုထားပါတယ်။
ပြောဆိုချက်- Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်
Title:Fact Check: Pan American လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီ ပြန်ပေါ်လာခဲ့တယ်ဆိုတာ တကယ်လား-မဟုတ်ပါ
Fact Check By: နေရာမောင်
Result: False