ylliX - Online Advertising Network
ထိုင်းတွင် မြန်မာများလိုက်လာသည့်ကားနှစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ - Dawei Watch

ထိုင်းတွင် မြန်မာများလိုက်လာသည့်ကားနှစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ – Dawei Watch


ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို သယ်ဆောင်လာသည့် ကားနှစ်စီးတိမ်းမှောက်ခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက စန်ခရာဘူရီဒေသ နော့လူရွာအနီး စန်ခရာဘူရီ-ဘုရားသုံးဆူလမ်းမကြီးတွင် မြန်မာများကို သယ်ဆောင်လာသော ပစ်ကပ်ကားနှစ်စီး လမ်းဘေးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားတိမ်းမှောက်မှုကြောင့် ကားပေါ်က လွင့်ထွက်သွားသော မြန်မာအမျိုးသမီး တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ်မြန်မာအမျိုးသားနှစ်ဦးလည်း အရိုးကျိုးဒဏ်ရာများဖြင့် အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

ဒဏ်ရာရသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ကားနှစ်စီးသည် လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်ထားပြီး တိမ်းမှောက်နေခြင်းဖြစ်ပြီး ကားမောင်းသမားနှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ ကားတွင် မြန်မာနိုင်ငံသား ၃၀ကျော်ပါဝင်ပြီး အားလုံးသည် တောလမ်းအတိုင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံသို့ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ကားတိမ်းမှောက်ပြီးနောက် ကားသမားနှင့် ကျန်ဒဏ်ရာရရှိထားသော မြန်မာနိုင်ငံသားများမှာ ထွက်ပြေးသွားကြောင်း ဆိုသည်။

၎င်းတို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထွက်ပြေးသွားသူများကို လိုက်လံဖမ်းဆီးနေဆဲ ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၇ ရက်ကလည်း မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Bangkok Post, Naewna

The post ထိုင်းတွင် မြန်မာများလိုက်လာသည့်ကားနှစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ appeared first on Dawei Watch.



Source link

Leave a Reply

Your email address will not be published. Required fields are marked *