ylliX - Online Advertising Network
မန္တလေးတိုင်းထဲမှ အရပ်သားပစ်မှတ်များကို စစ်တပ် နှစ်ရက်ဆက် ဗုံးကြဲ - Myanmar Now

မန္တလေးတိုင်းထဲမှ အရပ်သားပစ်မှတ်များကို စစ်တပ် နှစ်ရက်ဆက် ဗုံးကြဲ – Myanmar Now


မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားစိုးမိုးသော နယ်မြေများကို ယမန်နေ့နှင့် ယနေ့ (ဇန်နဝါရီ ၉) တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆောက်အဦ များ ပျက်စီးကာ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်း ရင်းမြစ်များက ပြောကြသည်။ 

ယနေ့ နေ့လယ်တွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ခြမ်း ၊ မတ္တရာမြောက်ဘက် ကပ်လျှက် တည်ရှိသော စဉ်ကူးမြို့နယ်နှင့်သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ပြီး  ယမန်နေ့ နေ့လယ်ကမူ မိုးကုတ်မြို့ကို ဗုံးကြဲသွား သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သိမ်းပိုက်ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ် အရှေ့ခြမ်း ထန်းပင်ကုန်းကျေးရွာနှင့်အနီးတဝိုက်အား ယနေ့နံနက် ၉ နာရီကျော်ခန့်မှစ၍ လေကြောင်း ဖြင့်၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး အထိအခိုက်များကို မသိရှိရသေးကြောင်း ဆိုကြသည်။

“လေယာဉ်နဲ့ ၂ ခေါက် ၃ ခေါက် ဝဲပြီးတော့ ထန်းပင်ကုန်းတဝိုက်ကို ပစ်သွားတယ်။ ပြီးတော့ Alpha စက်ရုံဘက်ကိုလည်း တောက်လျှောက်ပတ်တယ်။ ထုံးဘိုရွာဖက်ကိုလည်း ဗုံးချသွားတယ်လို့ ကြားရ တယ်။ အထိအခိုက်တွေက မသိရသေးဘူး”ဟု မတ္တရာမြို့ခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး က Myanmar Now ကို ပြောသည်။

မတ္တရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း မတ္တရာအရှေ့ခြမ်းတွင် ယနေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလာရောက်ပြုလုပ်ခြင်းဖြစ် ကြောင်း၊ စစ်ကောင်စီ အထိုင်ချထားသည့် မတ္တရာမြို့ဘောလုံးကွင်းနှင့် မန္တလေးမြို့အနီး ထီးတော်မိုး စစ်တပ်မှလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း အခြေအနေကို ပြောပြသည်။

“တိုက်ပွဲက မရှိဘူး။ ထန်းပင်ကုန်းတဝိုက်ကို လေကြောင်းလာတိုက်တယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ လက်နက်ကြီးကျတာက ကြားရွာလို့ခေါ်မှာပေါ့။ အဲဒီမှာကျတယ်။ အခြေအနေအသေးစိတ် တော့ ပြောလို့မကောင်းဘူး”ဟု ယင်းအမျိုးသားက ပြောသည်။

မတ္တရာအနောက်ခြမ်း ဥဒိန်ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များက ဥဒိန်ရွာ အပါ အဝင် မြစ်ကမ်းဘေးကျေးရွာများကို မီးရှို့နေကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံက သိရသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းကို MDY- PDF က ထိန်းချုပ်ထားသော်လည်း အနောက်ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်များ အသုံးပြုကာ ဒီဇင်ဘာလ ဆန်းကတည်းက တိုက်ခိုက်သိမ်းပိုက်ပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေသည်။

လက်ရှိတွင် စစ်ကောင်စီက မတ္တရာအနောက်ခြမ်း၌  အင်အားအလုံးအရင်းဖြင့်နေရာယူထားသည် ဟု ထိုဒေသတွင်စစ်ရေးလှုပ်ရှားခဲ့သည့် ပြင်ဦးလွင်ခရိုင် ပကဖ တပ်ဖွဲ့က ပြောသည်။

“အနောက်ခြမ်းမှာ စကစတွေက အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေတော့ ကျွန်တော်တို့ အချိန်ယူ ပြီးတော့ နယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစားမယ်ဗျ။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး” ဟု ပြင်ဦးလွင် ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

PDF ထိန်းချုပ်သည့် စဉ့်ကူးနှင့်သပိတ်ကျင်း

စဉ့်ကူးမြို့နယ် ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားသည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

“စဉ့်ကူးကိုလည်း ဒီနေ့နေ့လယ်ပိုင်းမှာ Airstrike လုပ်သွားတယ်။ လုပ်သွားတာက ကျည်တောက် ပေါက် (ရွာ) နဲ့ ကံတောင် (ရွာ) နှစ်နေရာဗျ။ ကျည်တောက်ပေါက်မှာတော့ အထိအခိုက်မရှိဘူးလို့ ပြောတယ် ။ ကံတောင်မှာတော့ အထိအခိုက်များတယ်လို့ ပြောတယ်”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံ က ပြောသည်။

မွန်းတည့်ချိန်တွင် သပိတ်ကျင်းမြို့နယ်အရှေ့တောင်ခြမ်းတစ်နေရာသို့ လေကြောင်းတိုက်ခိုက်မှု လုပ် သွားသည်ဟု ဒေသအခြေစိုက်ကင်းထောက်စာမျက်နှာများက ရေးသားထားကြသည်။

စစ်ကောင်စီသည် သပိတ်ကျင်းမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ထိုဗုံးကြဲ တိုက်ခိုက်မှုတွင် ချောင်းကြီးကျေးရွာမှ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော် အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး လူ၂၇ ဦး ဒဏ်ရာရကာ နေအိမ်အဆောက်အအုံ အများအပြား လည်း ထိခိုက်ပျက်စီးသွားသည်။
လက်ရှိတွင် သပိတ်ကျင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တလှည့်စီ ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်က ဇန်နဝါရီ ၈ ရက်ညပိုင်းတွင် Myanmar Now ကို ပြောထားသည်။



သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ် အခြေအနေများနှင့်ပတ်သက်ပြီး ထိုဒေသတဝိုက် လှုပ်ရှားသော ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် MDY-PDF တာဝန်ခံကို ဆက်သွယ်မေးမြန်းထားဆဲဖြစ် သည်။

၂၀၂၄ နှစ်ကုန်တွင် တွေ့ရသည့် Mdy-PDF ၏ အခြေခံစစ်သင်တန်းတစ်ခု။ (ဓာတ်ပုံ-မိုးဦး/ Myanmar Now)

TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ ဗုံးကြဲခံရ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းကို ယမန်နေ့ (ဇန်နဝါရီ ၈) မွန်းလွဲချိန်တွင် စစ်ကောင်စီလေယာဉ်တစ်စီးက တစ်နာရီနီးပါး ပျံဝဲကာ ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့ကြောင်း မြို့ခံများထံက သိရသည်။

မွန်းလွဲ ၁ နာရီခန့်တွင် မြို့အရှေ့ပိုင်း ဂေါက်ကွင်းအနီး လေယာဉ်တစ်စီးက တစ်နာရီခန့် လှည့်ပတ်ပျံ သန်းပြီး အကြိမ်ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂေါက်ကွင်းအတွင်း ဗုံး ၁၅ လုံး၊ ယင်းအနီး မစိုးရိမ်ကျောင်းတိုက်အတွင်း  ဗုံး  ၄ လုံး ကျရောက်ပေါက် ကွဲခဲ့ပြီး နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း TNLA ကလည်း သတင်းထုတ်ပြန်ထားသည်။

ဗုံးကြဲခံရသည့်နေရာကို  TNLA ၏ ကျောက်မျက်တူးဖော်ရေး နေရာအဖြစ် စစ်တပ်ဝါဒဖြန့် အွန်လိုင်း စာမျက်နှာများက မကြာခဏ ဖော်ပြနေကြပြီး ထိုနေရာတွင် ကျောက်လုပ်ကွက်တချို့ ရှိကြောင်း 

မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“နေရာကတော့ ကျောက်ထွက်တဲ့နေရာပါပဲ၊ ကျောက်တူးနေတဲ့လုပ်ကွက်တချို့တော့ရှိတယ်။ ဘယ် သူ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း သေချာမသိဘူး၊ အဲ့ဒီကျောက်လုပ်ကွက် တွေကို ဗုံးကြဲတာပါပဲ”ဟု ဆိုသည်။

မိုးကုတ်မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး အပိုင်း -၂ “ အတွင်း ၂၀၂၄ ဇူလိုင် ၂၅ ရက်က TNLA နှင့် PDF များ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ မြို့ကို စီမံအုပ်ချုပ်ရေးကိစ္စများကို TNLA က လုပ်ဆောင်နေသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုများရှိနေရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ညကလည်း  ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ နေ့လယ်တွင် မိုးကုတ်မြို့ရှိ TNLA နှင့် MDY- PDF များ တပ်စွဲထားသော  နေရာများကို စစ်တပ် က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များတွင် ဖော်ပြထားသည်။ 
 တရုတ်၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များ ဖြစ်သော တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) ၊ အာရက္ခတပ်တော် (AA) တို့က အသီးသီး ယမန်နှစ် နှစ်ကုန်ပိုင်း၌ စာထုတ်ပြန်ထားပြီး ဖြစ်သည်။

ယင်းနောက်ပိုင်း စစ်ကောင်စီသည်  MNDAA ထိန်းချုပ်သော သိန္နီကို ဇန်နဝါရီ ၁ ရက်က ဗုံးကြဲခဲ့သလို ယမန်နေ့တစ်ရက် တည်း မှာပင်  AA ထိန်းချုပ်သည့် ရမ်းဗြဲမြို့ကို ဗုံးကြဲရာ လူ ၄၀ ကျော် သေဆုံးခဲ့ကာ TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ တွင်လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *