ဝန်ကြီးဌာနပိုင်အဆောက်အအုံများနှင့် သရက်စိုက်ခင်းများ၏ မီးတားလမ်းနှင့် ဝန်ထမ်းသက်သာပိုင် သရက်ပင်စိုက်ပျိုးထား ရှိမှုများကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး
နေပြည်တော် မတ် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာန ရုံးအဆောက်အအုံများအတွက် မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက်
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများပြုလုပ်ရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှု မရှိစေရေးအတွက် အဆင့်ဆင့်သတိပေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများ စနစ်တကျပြုစုထိန်းသိမ်း၍ အထွက်နှုန်း တိုးအောင်စီမံဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့် သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဝန်ထမ်းသက်သာပိုင် သရက်ခြံများတွင် စိန်တစ်လုံးသရက်ပင် ၁၂၁၃၅ ပင်နှင့် ပတ္တမြားငမောက်သရက်ပင် ၇၀၀ စုစုပေါင်းသရက်ပင် ၁၂၈၃၅ ပင် စိုက်ပျိုးထားပြီး အဆိုပါသရက်ခြံများမှ ရရှိသည့် သရက်သီးရောင်းချငွေများဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။