ylliX - Online Advertising Network
တနင်္သာရီတိုင်းရှိ စစ်စခန်းများ တော်လှန်ရေးအင်အားစု ပေါင်းတိုက် - Myanmar Now

တနင်္သာရီတိုင်းရှိ စစ်စခန်းများ တော်လှန်ရေးအင်အားစု ပေါင်းတိုက် – Myanmar Now


မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းရှိ စစ်စခန်းများ တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီကလည်း လေတပ်၊ ရေတပ်အင်အားသုံးပြီး ပြန်လည် ခုခံနေသည်ဟု သိရသည်။

ယမန်နေ့ (ဇန်နဝါရီရက် ၉) တွင် မြိတ်မြို့အဝင် ဘုတ်ရွာရှိ  ခလရ – ၁၇ ခေါ် အမှတ် (၁၇) ခြေလျင်တပ်ရင်းကို မဟာမိတ်များနှင့်အတူ  ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု  ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပြောသည်။ 

“ပုံမှန်ကတော့ (ခလရ-၁၇) အင်အား ၁၀၀ ဝန်းကျင် လောက်ရှိတယ်။  စစ်တပ်ဘက်ကတော့ မျက်မြင် ၃ ယောက်သေတယ်။ အတွင်း သတင်းအရတော့ စစ်တပ်ကအိမ်ထောင်သည် အမျိုးသမီးတစ်ယောက် သေတယ်လို့ သိရတယ်” ဟု  အမှတ် (၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံက Myanmar Now ကို ပြောသည်။ 

ပုလောတွင် လေတပ် ဗုံးကြဲ

ခလရ ၁၇ တွင် တိုက်ပွဲဖြစ်ပွားနေသည့် တစ်ချိန်တည်းမှာပင်   ပုလောမြို့နယ် ပါဒစက်တော်ရာ ဘုရားအနီးတွင်လည်း  တိုက်ပွဲဆက်ဖြစ်သည်ဟု အထက်ပါ   ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ကရင် အမျိုးသား အစည်းအရုံး (KNU)၏  ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ပါဒစက်တော်ရွာ ဘုရား မုဒ်ဝနားမှာ စစ်ဆေးရေး ဂိတ်ချထားတာရှိတယ်။ အဲဒါကို KNU/KNDO နဲ့ ကျွန်တော်တို့ မြိတ်ခရိုင် PDF ရယ် ပူးပေါင်းပြီးတိုက်နေတာ” ဟု ၎င်းက ပြောသည်။ 

“အဲဒီအချိန်မှာ ခလရ ၁၇ မှာလဲ တိုက်ပွဲဖြစ်နေတယ်။ သူတို့ဘက်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲပြီးတော့ စက်တော်ရာကိုလဲ ထပ်ပြီးတော့ ဗုံးလာကြဲတယ်” 

စခန်းများတစ်ပြိုင်နက် ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ၂၃ ကြိမ် တိုက်ခိုက်စဉ် ဗုံးအလုံးရေ ၇၀ ပစ်ခတ်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ပုလောမြို့ အမှတ် (၂) ရပ်ကွက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် မီးရှို့ ခဲ့သည်ဟု ထိုတိုက်ပွဲတွင် ပါဝင်သည့်  ရဲဘော်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဝင်စီးတာ အောင်မြင်တယ်၊ ခုခံမှုလည်း ကြီးကြီးမားမား မကြုံလိုက်ရဘူး။ အဲ့ဒီနေ့က ည (၁၁:၁၀)မှာ ဝင်စီးတာပါ။ တိုက်ပွဲ စတာနဲ့ ကျွန်တော်တို့ဘက်က RPG နဲ့ ပစ်တယ်။ အဲဒီမှာ သူတို့ဘက်က သေနတ် နည်းနည်းပဲဖောက်ပြီး ထွက်ပြေးသွားတယ်” ဟု ၎င်းက ပြောသည်။ 

အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည့်၊ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်  ပုလော နှင့် မြိတ်မြို့နယ်တို့ရှိ စစ်စခန်းများ ထိုးစစ်ဆင်ခံနေရခြင်းဖြစ်သည်။



လောင်းလုံး ရေတပ် ပစ်ခတ်မှု

ဇန်နဝါရီ ၇ ရက်နေ့ကလည်း လောင်းလုံးမြို့တွင်  အမှတ် (၁၀၄) ခြေလျင်တပ်ရင်းမှ စစ်သားများ စစ်ကြောင်းထိုးလာစဉ်  စမ်းလှေးရွာအရောက်တွင် ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် နွေဦးပြောက်ကျားတပ်တို့က ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဗိုလ်ကြီးအဆင့်ရှိ ယာယီစစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်ဟု ထားဝယ်ခရိုင် တပ်ပေါင်းစု တာဝန်ခံက Myanmar Now ကို ပြောသည်။  

“သူတို့က လူခွဲပြီးတော့ အယောက် ၄၀ လောက် တစ်ပတ်မှာ ၃ ရက်လောက်  ကင်းပတ်တာရှိတယ်။ ရွာနီးချုပ်စပ်တွေကိုပေါ့။ မြို့ရဲ့ ဇနပုဒ် ကျေးရွာတွေကို ကင်းပတ်တာရှိတယ်။ အဲဒါကို ကျွန်တော်တို့က စစ်ကြောင်းလာတဲ့ အချိန်ကို ချိန်ပြီးတော့ ကင်းပုန်းဝပ်ပြီးတော့ တိုက်ခိုက်ခဲ့တာပါ”  ဟု ၎င်းက ပြောသည်။ 

စမ်းလှေးရွာမှာ ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည့် ကျေးရွာဖြစ်ရာ  စစ်သင်္ဘော ၂ စင်း ရောက်ရှိလာခဲ့ပြီး လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့်   ပူးပေါင်းတပ် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ၊  KNU  တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများ၊  KNDO  နှင့် ကော်သူးလေတပ် (KTLA) လက်အောက်ခံတပ်များ အခြေစိုက်လှုပ်ရှားသည်။

ထို့ပြင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း စစ်ဒေသ တနင်္သာရီ၊ဗျူဟာ (၃၅) ကလည်း  စစ်ကောင်စီ အုပ်ချုပ်ရေးနှင့်စစ်ရေး ပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက် သွားမည်ဟု ၂၀၂၄ နိုဝင်ဘာ ၁၁ တွင် သတိပေး ထုတ်ပြန်ထားသည်။ 

ထိုင်းနယ်စပ်မှ မြန်မာပြည်သို့ ကုန်စည်စီးဆင်းရာ အဓိက လမ်းမကြီးများ တည်ရှိသော၊ ပင်လယ်ကမ်းရိုးတန်းရှည်လျားပြီး ရေကြောင်းကုန်သွယ်မှု ထွန်းကားသော တနင်္သာရီတိုင်းသည် စစ်ကောင်စီ တပ်အတွက် အရေးပါပြီး တော်လှန်ရေး မဟာမိတ်တပ်များကလည်း နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *