ylliX - Online Advertising Network
ဗန်းမော်လေယာဉ်ကွင်း ကာကင်း စစ်စခန်းတချို့ကို သိမ်းပိုက်ရရှိ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ်အများအပြား မီးလောင် - Khit Thit Media

ဗန်းမော်လေယာဉ်ကွင်း ကာကင်း စစ်စခန်းတချို့ကို သိမ်းပိုက်ရရှိ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ်အများအပြား မီးလောင် – Khit Thit Media


ဗန်းမော်လေယာဉ်ကွင်း ကာကင်း စစ်စခန်းတချို့ကို သိမ်းပိုက်ရရှိ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ်အများအပြား မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်လေယာဉ်ကွင်းအနီးရှိ စစ်တပ်ကာကင်းစခန်းတချို့ကို ဆက်တိုက်သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်လျက်ရှိပြီး အထူးသဖြင့် စကခ ၂၁ နှင့် ဗန်းမော်လေယာဉ်ကွင်းအနီးကို ဦးတည်၍ ထိုးစစ်ဆင်နေကြောင်း၊ စကခ ၂၁ တွင် စစ်ကောင်စီတပ်များ စုဝေး၍ ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဗန်းမော်လေယာဉ်ကွင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

“ဗန်းမော်မြို့ လေယာဉ်ကွင်းကိုတော့ ရတယ်ဆိုတဲ့ သတင်းတွေက မဟုတ်သေးပါဘူး။ ကာကင်းတွေတော့ရတယ်။ လေဆိပ်ကိုတော့ မရသေးဘူး။ စကခ ၂၁ ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်။ နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေပါတယ်” ဟု ဗန်းမော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက ဗန်းမော်မြို့ စကခ ၂၁ အနီးရှိ ပြည်သူပိုင် နေအိမ်များကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲမီးရှို့နေ၍ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးရှိ နေအိမ်များကို စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ညစဉ် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ဗန်းမော်မြို့ပေါ်ရှိ ပြည်သူအားလုံး နီးပါးသည် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဗန်းမော်မြို့ စကခ ၂၁ ပတ်ဝန်းကျင်အနီးမှာရှိတဲ့ ရပ်ကွက် နေအိမ်တွေ၊ ပြည်သူ့ဆေးရုံ နဲ့ သိမ်တော်ကြီးဘုရားနားက ပြည်သူ့ နေအိမ်တွေကို စစ်ခွေးတွေက ရည်ရွယ်ချက် ရှိရှိ ဒရုန်းနဲ့ မီးလိုက်ရှို့နေတာ ၉ ရက်နေ့ ညကတည်းက ရှို့နေတာ အခု ၁၀ ရက်နေ့ ညနဲ့ဆို ၂ ည ဆက်တိုက် ရှိနေပါပြီ ဒရုန်းမှာ ကြိုးအရှည်ကြီးတွေတပ်ပြီး ဓါတ်ဆီပုံးလို့ ယူဆရတဲ့ အရာ နဲ့ မီးရှို့တာ ဒရုန်းကနေ မီးလုံးတွေ ကျဲချပြီး ရှို့နေတာ ၁၀ ရက်နေ့ ည ၈ နာရီ လောက်ကစပြီး ရှို့တာ ၃၊ ၄ ကြိမ် ရှိနေပြီ ဗန်မော်မြို့ ထဲမှာတော့ ပြည်သူတွေ မရှိသလောက်ပဲ ကျန်ရှိနေတဲ့သူတွေက သူခိုးတွေရယ် ဘိန်းသမားတွေရယ် စစ်ခွေး သတင်းပေးတွေရယ်လောက် ပဲ ကျန်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဗန်းမော်မြို့ ခွန်သာနှင့် ကန်တော်ကြီး ရပ်ကွက်ဘက်တွင်လည်း အရပ်သား ပြည်သူ တချို့ တိမ်းရှောင်ခြင်းမရှိဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်ခန့်တွင် မိတ္ထီလာဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Y-8 လေယာဉ်က ဗန်းမော်မြို့ ၊ ခလရ ၄၇ တပ်ရင်းထံသို့ ရိက္ခာများ လာရောက် ကျဲချ ပို့ဆောင်ခဲ့ပြီး ရဟတ်ယာဉ် ၂ စီးဖြင့်လည်း ခလရ ၄၇ တပ်ရင်းမှ လူကယ်ထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရန် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ ၄၇ တပ်ရင်းတို့ ကျန်ရှိနေကြောင်း သိရှိရသည်။

KIA က ဗန်းမော်နှင့် မံစီမြို့နယ်တို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မံစီမြို့ နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မံစီမြို့သိမ်းတိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *