၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၇ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။
ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီသည် လေကြောင်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ၄၁ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ကျေးရွာတွင်လူနေအိမ်ပေါင်း ၅၀၀ နီးပါး မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ရသည်ဟု ကနဦး သိရသောလည်း အာရက္ခတပ်တော် AA က ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ချက်တွင နေအိမ် ၃၉၈ လောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်သည်။
ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာအနီးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရသည်။
၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ်သို့ ဖုန်းပြောရန် ရောက်ရှိနေကြသော ကျောက်တော်မြို့နယ်၊ ဝကင်းမူဆလင်ရွာက မွတ်ဆလင်များဖြစ်သည့် ရာဟနော်ဒီလ်၊ ဂျော်နာဘေလ်ကောလ်၊ မဂျော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ရွာက မဇင်မာခိုင်တို့ သေဆုံးသွားရခြင်းဖြစ်သည်။
ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယိုးတရုတ်ဗုံးကြဲခံရမှုများကြောင့် သေဆုံးသွားသူများမှာ ဒေါ်မသာလှ၊ ဦးလှဖြူ၊ မဦးဆန်းနွယ်၊ ကိုမျိုးဇော်ထွန်း၊ မောင်မျိုးဟိန်းအောင် တို့ဖြစ်သည်။
အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ရပ်ကွက်က အသက် ၆၀ ကျော်အရွယ် ဒေါ်မသိန်းမာမှာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။
ယခု ထိခိုက်သေဆုံးသူများအားလုံးသည် အာရက္ခတပ်တော် AA မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖြေရှင်းရန် အာဏာသိမ်း စစ်ကောင်စီအား ငြိမ်းချမ်းရေး ဆွေးနွေးရေးစကား ကမ်းလှမ်းခဲ့ပြီးနောက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူများဖြစ်ကြသည်။
ကျောက်နီမော်က နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်းပျက်စီးသွားသည့်အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း ဆေးရုံးတစ်လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် စာသင်ကျောင်းနှစ်ကျောင်းလည်း လုံးဝ ပျက်စီးဆုံးရှုံးသွားခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ ရခိုင်ပြည်အတွင်း လက်ရှိ ဗုံးကြဲတိုက်ခိုက်မှုများအားလုံးသည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာလဲဖြစ်ပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် အမှန်တကယ် ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားလိုသော ဆန္ဒမရှိကြောင်းနှင့် ယခု ဗုံးကြဲတိုက်ခိုက်မှုများသည် ရန်လိုမုန်းတီးမှုများကို ပြသနေခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“တကယ့်တကယ် ငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ရှိရင် စစ်ကောင်စီဟာ တစ်ဖက်သက် အပစ်ရပ်လိုက်လို့ ရတယ်။ သူအပစ်ရပ်လိုက်လို့ တစ်ဖက်က တိုင်းရင်းသား ERO တွေဖြစ်ဖြစ် PDF တွေဖြစ်ဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ရင် တော်လှန်ရေးတပ်ဖွဲ့တွေကို အပြစ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုက အဲလိုမဟုတ်ဘူး။ စစ်ကောင်စီဟာ ငြိမ်းရေးတံခါးဖွင့်ထားတယ်လို့ ပါးစပ်ကပဲ ပြောတာ။ တကယ့်တကယ် ဆိုရင် စစ်အင်အားဖြည့်တာ၊ ထိုးစစ်ဆင်တာတွေ၊ လက်နက်ကြီးလှမ်းပစ်တာတွေ၊ ဝေဟင်က လေကြောင်းက ဗုံးကြဲတာတွေကို စစ်ကောင်စီဟာ နေ့စဉ်လုပ်နေတယ်။ ဒါက တကယ့်ကို ရန်လိုမုန်းတီးမှုကို ပြနေတာဖြစ်တယ်။ ကျောက်နီမော် ဗုံးကြဲခံရမှုမှာ အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးကြတယ်။ စစ်ကောင်စီရဲ့ လက်ရှိ လုပ်ရပ်ဟာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အသုံးမဝင်ဘူး။ ဒါတွေအားလုံးက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာပဲဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာပြည်၏ စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက်တိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များအားလုံးသည် အမှန်တကယ် ငြိမ်းချမ်းရေးကို စိတ်ရင်းမှန်စွာ လိုလားသော ခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြကြောင်း ၎င်းက ဆက်လက်ထောက်ပြထားသည်။
တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရခိုင်ပြည်မှာ သေဆုံးသူ ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က တစ်နှစ်တာအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူပေါင်း ၇၄၉ ဦးရှိခဲ့ပြီး မွတ်ဆလင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။