ရခိုင်ပြည် အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
သိမ်းပိုက်ရန် ကျန်ရှိနေတဲ့ နတ်ရေကန်စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲမှာ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းတစ်ဦးက ပြောပါတယ်။
“အမ်းကို သိမ်းပြီးနောက် AA က နယ်စပ်မြို့တွေနားထိ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားလာတာ။ နတ်ရေကန်စခန်းကျသွားရင် နယ်စပ်ထိ AA ထိန်းချုပ်နိုင်ပြီ။ စစ်ကောင်စီတပ်တွေ ပြန်ဝင်လာဖို့ မလွယ်ကူတော့ဘူး”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရိုးမပေါ်က စခန်းတွေဖြစ်တဲ့ ပဲပဒုံ၊ ပတ်ကွေ့၊ ဆင်ဂုံတိုင်၊ ငပြယ်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်းနဲ့ တောင်စောက်စခန်းတို့ကို AA က သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။
AA ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရှိရာ တောင်ဇောက်စခန်းနဲ့ အနီးနားကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲချတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီတောင်ဇောက်စခန်းကနေ စခန်းဆုတ်ခွာ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီ တပ်သားတချို့နဲ့ မကွေးဘက်က စစ်ကူတွေဟာ အင်အားရာချီရှိပြီး AA ရဲ့ ထိုးစစ်ကို နတ်ရေကန်မှာ ခုခံကာကွယ်နေတာ ဖြစ်တယ်လို့ အသက် ၅၇ နှစ်အရွယ် အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မကွေးတိုင်း ငဖဲမြို့နယ်ဘက်ကနေ စစ်အင်အားဖြည့်တင်းမှုတွေရှိတယ်။ တောင်ဇောက်က ထွက်ပြေးလာသူတွေလည်း အဲဒီမှာ လာပူးပေါင်းနေတာ။ ဒီတိုက်ပွဲမှာ သေတဲ့လူနဲ့ ထွက်ပြေးတဲ့သူ များတယ်။ ဒီစခန်းလည်း နှစ်ရက်လောက်ပဲ ကြာမယ်ထင်တယ်”လို့ သူက ပြောပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲကာလတစ်လျှောက်နဲ့ လက်ရှိတိုက်ပွဲတွေမှာ ရခိုင်ဘက်ခြမ်းကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို မကွေးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းကနေ ဖြတ်တောက် တိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအရ ထိုးဖောက်ဝင်ရောက် နေရာယူလာနေပြီဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ်က ရွှေသောင်ယံမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး AA က မြို့ကို ထိန်းချုပ်ထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဓာတ်ပုံ- ULA/AA
ပုံစာ- စစ်မြေပြင်ရောက် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)