တရုတ်နိုင်ငံသားတွေ အနေနဲ့ “လစာ အများအပြားနဲ့ နိုင်ငံရပ်ခြား အလုပ်ခေါ်ယူ လိမ်လည်လှည့်ဖြားမှုတွေကို သတိထားဖို့နဲ့ လေယာဥ်၊ အစားအသောက်နဲ့ နေထိုင် စရိတ် ကုန်ကျခံပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကြော်ငြာတာမျိုးတွေကို မယုံကြည်ကြဖို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက တရုတ်သံရုံးတွေက သတိပေးချက် ထုတ်ပြန်ကြောင်း တရုတ် အစိုးရသတင်းစာ Global Times မှာ စနေနေ့က ဖော်ပြပါတယ်။
ဒီလိုကမ်းလှမ်းမှုတွေက ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေကို ဖြားယောင်းတဲ့ ထောင်ချောက်တွေ ဖြစ်နိုင်ပြီး လူတွေရဲ့ အသက်၊ လုံခြုံရေးနဲ့ ပစ္စည်းဥစ္စာတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တရားဝင် WeChat စာမျက်နှာမှာလည်း သောကြာနေ့ညနေပိုင်းက ထုတ်ပြန်ပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ “လစာမြင့် ပြည်ပအလုပ်အကိုင်ကမ်းလှမ်းမှုတွေ” နဲ့ သွေးဆောင်ခံရပြီးနောက် တရုတ်နိုင်ငံသားအများအပြားဟာ မကြာသေးမီက အကူအညီတောင်းခံခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လှည့်ဖြားခံရသူတွေဟာ မြန်မာနိုင်ငံ မြဝတီဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ခေါ်ဆောင် သွားခံရပြီး တယ်လီကွန်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။ လိမ်လည်မှု သားကောင် ဖြစ်ခံရရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားဖို့နဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ အကူအညီရယူဖို့လည်း သတိပေးထားပါတယ်။
ဘန်ကောက်မြို့တော်က တရုတ်သံရုံး We Chat အကောင့်မှာလည်း သီးခြား ထုတ်ပြန်ချက် အနေနဲ့ အလားတူ ထုတ်ပြန်ထားပြီး ထိုင်းကိုလာမယ့် တရုတ် ခရီးသွားတွေအနေနဲ့ ဗီဇာစည်းကမ်းတွေကို လိုက်နာဖို့နဲ့ တရားမဝင် အလုပ်တွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။
ဇန်နဝါရီ ၃ ရက်က ဝမ်ရှင်း (Wang Xing) အမည်နဲ့ တရုတ် ရုပ်ရှင် သရုပ်ဆောင် တဦး ထိုင်း-မြန်မာ နယ်စပ်မှာ လူကုန်ကူးခံရအပြီးမှာ အခုလို တရုတ်သံရုံးတွေက သတိပေးချက်တွေ အသီးသီး ထွက်လာတာပါ။ လူကုန်ကူးသူတွေက ရုပ်ရှင်ထုတ်လုပ်ရေးအဖြစ် လှည့်ဖြားပြီး ဝမ်ရှင်းကို ပုံမှန်ဈေးနူန်းထက် သုံးဆ လောက် ပိုပေးထားတဲ့ ကမ်းလှမ်းချက်နဲ့ ထိုင်းနိုင်ငံကို လှည့်ဖြား ခေါ်ဆောင်ခဲ့တယ်လို့ ထိုင်းနဲ့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ ဇန်နဝါရီ ၇ ရက် (အင်္ဂါနေ့) မှာတော့ ဝမ်ရှင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ထိုင်း-မြန်မာ နယ်စပ်မှာ ကယ်တင်နိုင်ခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ကာ လူကုန်ကူးခံရတဲ့ သားကောင် အဖြစ် ၁၀ ရက် (သောကြာနေ့) မှာ သူ့ကို တရုတ်နိုင်ငံကို ပြန်ပို့ပေးခဲ့ပါတယ်။
ဝမ်ရှင်းဟာ ရှန်ဟိုင်းက Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စနေနေ့ အစောပိုင်းက ရောက်ရှိလာပြီး သူ့ဟာ ခေါင်းဆောင်း ထားသလို မျက်နှာဖုံးလည်း တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ Global Times သတင်းရဲ့ ရေးသားချက် အရ ဖမ်းဆီးထားသူတွေက သူ့ကို ခေါင်းရိတ်ခဲ့ပြီး အကျဉ်းကျနေချိန်မှာ ပိတ်လှောင်ထားကာ စာရိုက်လေ့ကျင့်တာတွေကို တခြား လူ အနည်းဆုံး လူ ၅၀ လောက်နဲ့ အတူ နှစ်ရက်ကနေ သုံးရက်အထိ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်မင်းသား ဝမ်ရှင်းက “နွေးထွေး လုံခြုံ လွတ်လပ်မှု ပေးစွမ်းနိုင်တဲ့ အမိတိုင်းပြည်ကို ပြန်လည် ရောက်ရှိသွားပြီ” လို့ စနေနေ့မှာ သူ့ရဲ့ တရုတ် လူမှုကွန်ရက် Weibo အကောင့်မှာ အတည်ပြု ရေးတင်ထားပါတယ်။ “တရုတ်အစိုးရ၊ ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေ၊ တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ တခြား တရားဥပဒေစိုးမိုးရေး အဖွဲ့တွေကို ကျေးဇူးတင်ရှိကြောင်း” လည်း ပြောပါတယ်။
ဒါပေမယ့် သူနဲ့ အတူ ချုပ်နှောင်ခံထားရသူတွေရဲ့ ကံကြမ္မာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဝမ်ရှင်း ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်မှာ ထိုင်း-မြန်မာနယ်စပ်မှာ အလားတူ ဖြားယောင်း သွေးဆောင်ခံရပြီး ပျောက်ဆုံးသွားတယ် ဆိုတဲ့ တရုတ် နိုင်ငံသား ၁၇၄ ဦးရဲ့ မိသားစုဝင်တွေကလည်း ဇန်နဝါရီ ၉ ရက် (ကြာသပတေးနေ့ ) က ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး သူတို့ကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံချက် တခုလည်း တရုတ် လူမှုကွန်ရက် Weibo မှာ ထွက်ပေါ်နေပါတယ်။