ရွေးကောက်ပွဲရလာဒ်ကို ပြန်လှန်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက် လွှတ်တော်စီးနင်းမှုမှာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို လွတ်ငြိမ်ခွင့်ပေးဖို့မသင့်ဘူးလို့ ရွေးကောက်ခံဒုသမ္မတ JD Vance က ပြောလိုက်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လွတ်ငြိမ်းခွင့်ပေးသင့်ပေမယ့် အဲဒီ့နေ့က အကြမ်းဖက်မှုတွေမှာ ပါဝင်ကျူးလွန်တာရှိရင်တော့ လွတ်ငြိမ်းခွင့်ပေးလို့မရဘူးလို့ JD Vance က Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာပါ။ ဒါပေမယ့်လည်း တချို့အမှုတွေ အပြစ်ရှိမရှိ အဖြူအမဲမကွဲတဲ့ ကိစ္စတွေလည်း ရှိတယ်လို့ ပြောပါတယ်။
သမ္မတ Biden အနိုင်ရခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို လွှတ်တော်က အတည်ပြုပေးဖို့ လုပ်နေချိန်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ရက်မှာ ဆန္ဒပြလူအုပ်က လွှတ်တော်ကို စီးနင်းတဲ့နောက်၊ အဓိကရုဏ်းပုံစံဖြစ်ပြီး ရဲအရာရှိ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး လွှတ်တော်အမတ်တွေလည်း လွှတ်တော်ထဲ ပုန်းရှောင်ခဲ့ကြရပါတယ်။
အဲဒီအမှုအတွက် လူပေါင်း ၁၅၀၀ ကျော်ကို ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခဲ့တာပါ။ အကြမ်းဖက် ဖျက်ဆီးမှုတွေမှာ မပါတဲ့ လူရာဂဏန်းကိုတော့ လွှတ်တော်ထဲတရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့ စွဲချက်တွေ တင်ခဲ့ပါတယ်။ ကျန်သူတွေကိုတော့ ရဲအရာရှိတွေကို တိုက်ခိုက်တာအပါအဝင် ရာဇဝတ်ပြစ်မှုတွေနဲ့ စွဲချက်တင်ခဲ့တာပါ။
ဇန်နဝါရီ ၆ အမှုတွေထဲ အကြမ်းဖက်မှုတွေကျူးလွန်သူတွေကို လွတ်ငြိမ်းခွင့်မပေးဘူးလို့ Fox သတင်းဌာနမှာ Vance အခုလို ပြောတဲ့အပေါ် ဝေဖန်ချက်တွေလည်း ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ Vance က X လူမှုမီဒီယာကနေ တုန့်ပြန်ရာမှာ အမှုတခုချင်းအလိုက်ကို ပြန်စိစစ်သွားမယ်လို့ ရွေးကောက်ခံသမ္မတ Trump ပြောခဲ့တာကို ပြန်ရည်ညွှန်းပြောဆိုပါတယ်။
ဒီအထဲ လှုံဆော်မှုကြောင့် ပါဝင်ခဲ့ရသူတွေနဲ့ မတရားအမှုစွဲခံရသူတွေ ရှိတယ်လို့ Vance က ရေးပါတယ်။ ဒီလို မတရားဖမ်းဆီးစွဲချက်တင်ခံရတဲ့ အမှုတွေကို ပြန်စိစစ်သွားမယ်လို့လည်း ပြောပါတယ်။