မန္တလေးမြို့တောင်ဘက် အမရပူမြို့ပြစီမံကိန်းလုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင် မောင်ဝိတ်ပိုင် ကုမ္ပဏီကို ထိုစီမံကိန်းအနီးရှိ ရှမ်းကလေးကျွန်းကျေးရွာမှဒေသခံများက ဇန်နဝါရီ ၁၁ ရက် နံနက်တွင် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်းအရှေ့ဘက်၊ အနောက်ဘက်နှင့် ဧရာဝတီမြစ်ကြား မြေဧကပေါင်း ၂,၅၀၀ ပေါ် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းအတွက် မောင်ဝိတ်၏ Mandalay Business Capital City Development Ltd က ကျပ်ဘီလျံပေါင်း ၁,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်သည်။
ထိုစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် မောင်ဝိတ်၏ Mandalay Business Capital City Development Ltd ကုမ္ပဏီက လုပ်ပိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ရေးကာလ ၁၀ နှစ်သတ်မှတ်ထားသည့် ထိုစီမံကိန်းကို အပိုင်းလိုက်ခွဲ၍ အကောင်အထည် ဖော်မည်ဟု သိရသည်။
အဆိုပါ စီမံကိန်းရုပ်လုံးပေါ်လာရန် ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်၍ ကုမ္ပဏီဘက်က မြေပြင်သည့် လုပ်ငန်း များ အင်တိုက်အားတိုက်လုပ်ဆောင်လာပြီး ဇန်နဝါရီ ၁၁ ရက်က ရှမ်းကလေးကျွန်းရွာ ဘုန်းကြီးကျောင်း အတွက် မောင်ဝိတ်ကုမ္ပဏီက လှူဒါန်းသည့် ဓမ္မာရုံအသစ် ရေစက်ချပွဲနေ့တွင် ကုမ္ပဏီတာဝန်ရှိသူများကို ဒေသခံ ၃၅ ဦးခန့်က ဆန္ဒပြခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
သတ်မှတ်စီမံကိန်းမြေနေရာတွင် ပါဝင်သော်လည်း မရောင်းရသေးသည့် ဒေသခံတို့ပိုင်ဆိုင်သည့် မြေများပေါ်တွင်လည်း မြေဖို့နေမှုကို ချက်ချင်းရပ်တန့်ရန်၊ စီမံကိန်းကြောင့် ပျောက်ကွယ်သွားသည့် ရှမ်းကလေးကျွန်းရွာ သင်္ချိုင်းမြေနေရာကို ပြန်လည်သတ်မှတ်ပေးရန်၊ ကျေးရွာအဝင်လမ်းဟောင်းကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
“(ဆန္ဒပြဖို့) လူကစုမရဘူး။ ကြောက်ကြလို့ ပထမပိုင်းမှာ မလိုက်ကြဘူး။ အဲ့ဒီတင် လူနည်းနည်းချင်း လိုက်သွားတာပေါ့။ ဘုန်းကြီးကျောင်းထဲကို အဝင်မခံဘူး။ ရွာကို တစ်ပတ်ပတ်ပြီးတော့ ပြလိုက်တာ။ စာသင်ကျောင်းရောက်တော့ ရဲတွေရောက်လာပြီး သက်ဆိုင်ရာဌာနဆိုင်ရာလူကြီးနဲ့ ပေးတွေ့ပေးမယ်။ ညှိကြပေါ့။ ဘုန်းကြီးကျောင်းရှေ့သွားပြတော့ ကျောင်းတံခါးကြီးကို ပိတ်ပစ်လိုက်တယ်” ဟု သူက ပြောသည်။
“အစ်မတို့ ရွာ သင်္ချိုင်းကုန်းမြေဆိုတာလည်းမရှိတော့ဘူး။ တွေ့ရာ မီးသင်္ဂြိုလ်ရတော့တာ။ သင်္ချိုင်းကုန်း နယ်မြေလည်းမရှိတော့ဘူး။ သူတို့က အကုန်မြေတွေဖို့သွားတာလေ” ဟု သူက ဆိုသည်။
မြေပဲနှင့် အခြားသီးနှံများစိုက်ပျိုးထားသော မရောင်းချရသေးသည့် မြေများ၊ ကျေးရွာဘုန်းကြီးကျောင်း၊ ရွာနယ်နိမိတ်နှင့်ကပ်လျှပ်ရှိသည့်နေရာအထိ မြေဖို့လာခြင်းကြောင့် ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် နောက်ထပ်မြေပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
“ရွာနဲ့ကပ်လျက်ဖြစ်နေတာ မရပ်ဘဲ ဆက်တိုက်ဖို့နေတာ။ ကျွန်တော်တို့ မြေလည်း ဖို့ခံလိုက်ရပြီ။ မြေပဲတွေ စိုက်တာ မနှုတ်ရသေးဘဲ ဇွတ်ဖို့တာပါ။ လုံးဝမရောင်းရသေးဘူး။ ကျွန်တော်တို့က ၁ ဒသမ ၇၅ ဧက။ စုစုပေါင်းမရောင်းရသေးတာ ၃ ပုံတစ်ပုံပါ။ အခုတော့ မြေပိုင်ရှင်တွေစုပြီး တိုင်ပင်နေပါတယ်။ အခုဟာက ဘယ်ကိုမှ တိုင်မရဖြစ်နေတာ” ဟု သူက ဆိုသည်။
ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆန္ဒပြသူတို့ကို အဆင်ပြေအောင်ညှိနှိုင်းပေးမည်ဟု ပြောဆိုကြောင်း ဒေသခံတို့က ဆိုသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ Mandalay Business Capital City Development Ltd ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
ထိုစီမံကိန်းစတင်ချိန်ကတည်းက မြေပိုင်ရှင်တို့နှင့်ညှိနှိုင်း၍ မြေယာဝယ်ယူခြင်း၊ မြို့ပြမြေဖြင့် လဲလှယ်ခြင်း ဆောင်ရွက်ကြောင်း၊ ယခုအခါ ကာလတစ်ခုကြာမြင့်ပြီဖြစ်၍ အမရပူရမြို့ပြစီမံကိန်း အထောက်အကူပြုကော်မတီက ဆက်လက်ကိုင်တွယ်နေကြောင်း ကုမ္ပဏီနှင့်နီးစပ်သူများထံမှ သိရသည်။
စီမံကိန်းမြေဧရိယာထဲတွင် ပုံစံ(၇) ရှိသည့် ကိုင်းမြေများကို တစ်ဧက ကျပ်သိန်း ၁,၅၀၀၊ ပုံစံ(၇) မရှိဘဲ မြေခွန်ပြေစာဖြင့် စိုက်ပျိုးသည့် မြေနုကျွန်း ၁ ဧကလျှင် ကျပ်သိန်း ၆၀၀ နှုန်းဖြင့်ဝယ်ယူကြောင်း၊ စီမံကိန်းအတွင်း မြို့မြေကွက်များဖြင့် အစားထိုးလဲပေးခဲ့ရာစီမံကိန်းဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အမရပူရမြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီက နိုဝင်ဘာ ၁၃ ရက်စွဲဖြင့် အသိပေးသော အကြောင်းကြားစာတစ်စောင်တွင် ဖော်ပြထားသည်။
စီမံကိန်းအတွက် ရောင်းချရန်၊ မြို့မြေဖြင့် လဲလှယ်ရန် ကွင်းမှတ် ၆၀၃ မှ ၆၁၁ ထိ မြေ ၈၀၅ ဧကကို စိုက်ပျိုးလုပ်ပိုင်ခွင့်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ငွေကြေးများကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ တွင် အပြီးသတ်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ထိုစီမံကိန်းလျာထားချက်တွင်ပါဝင်နေပြီး အရောင်းအဝယ်မပြီးပြတ်သေးသည့် မြေဧက မည်မျှရှိသည်ကို Myanmar Now က အတိအကျမသိရသေးပေ။
ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ထောင်မှ လွတ်လာသည့် မောင်ဝိတ်က ရန်ကုန်နှင့် မန္တလေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ပူးပေါင်းကာ ဆောက်လုပ်ရေး စီမံကိန်းများ ရရှိရန် ကြိုးပမ်းခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဆင်ရာ၌ မောင်ဝိတ်ကို အသုံးချခဲ့သည်။
အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လေးကြိမ် ခွဲပေးသည်ဆိုသော မောင်ဝိတ်ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂိတလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုနှစ်ခု ခွဲဖွင့်၍ ၂၀၂၂ အောက်တိုဘာတွင် ထောင် ၃ နှစ် တစ်ပေါင်းတည်း ချခဲ့သည်။
ထို့အတူ ဒေါက်တာဇော်မြင့်မောင်သည်လည်း မောင်ဝိတ်ထွက်ဆိုချက်ကြောင့် အထက်ပါ အဂတိပုဒ်မဖြင့် ပင် အမှုနှစ်ခု ခွဲဖွင့်ခံရကာ စုစုပေါင်းထောင်ဒဏ် ၁၀ နှစ် ချခံရသည်။
၎င်းသည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၂၀၂၃ ဇွန်လ ၂၉ ရက်အထိ ထိန်းသိမ်းခံရသည်ဟု ယူဆရပြီး ပြန်လွတ်မြောက်လာချင်းမှာပင် အာဏာသိမ်းခေါင်းဆောင်တည်သည့် ဘုရားအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်ခဲ့သည်။