ylliX - Online Advertising Network
တရုတ် ၏ ဗျူဟာမြောက် စွက်ဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် မတည်ငြိမ်မှုများ ရင်ဆိုင်နေရ - BUR.MIZZIMA.COM

တရုတ် ၏ ဗျူဟာမြောက် စွက်ဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် မတည်ငြိမ်မှုများ ရင်ဆိုင်နေရ – BUR.MIZZIMA.COM


ဘင်္ဂလားဒေ့ရှ် တွင် ယမန်နှစ် သြဂုတ်လကတည်းက နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဝါမီလိဂ် ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တို့ နိုင်ငံမှ ထွက်ပြေး၍ အိမ်နီးချင်း နိုင်ငံတခုတွင် ခိုလှုံခွင့်တောင်းခံခဲ့သည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ် က တိုင်းပြည်၏ ဦးဆောင်မှုကို လွှဲပြောင်းရယူခဲ့သော်လည်း အခြေအနေမှာ ၎င်း ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ အပါအဝင် လူနည်းစုအသိုင်းအဝိုင်းများသည် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ မငြိမ်မသက်မှုများကြားမှ တရုတ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အသိုင်းအဝန်း တွင် မတည်မငြိမ်ဖြစ်စေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ အစပိုင်းတွင် တရုတ်သည် အဝါမီလိဂ် ပါတီ နှင့် နီးကပ်သောဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကို ၎င်း၏ ခါးပတ်လမ်း (Belt and Road Initiative (BRI) ) စီမံကိန်းများအတွက် အရေးကြီးသော စျေးကွက်တခုအဖြစ် ရှုမြင်ခဲ့သည်။

သို့သော် အတိုက်အခံပါတီများက ရှိတ်ဟာဆီနာ ကို ဆန့်ကျင်ပြီး မိုဟာမက် ယူနွတ်စ် အာဏာရလာသော အခါ တရုတ် က ၎င်း၏ သစ္စာခံမှုကို အလျင်အမြန်ပြောင်း၍ ကြားဖြတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။ တရုတ်လိုလားသော ရပ်တည်ချက်ကြောင့် လူသိများသော အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) နှင့်လည်း တရုတ် က မဟာမိတ်ဖြစ်သည်။ သို့သော် BNP ပါတီသည် အာဏာရရန် ဝေးကွာကြောင်း တရုတ် က ရှင်းရှင်းလင်းလင်း သိလာသောအခါ ယူနွတ်အစိုးရကို ထောက်ခံခဲ့သည်။ တရုတ်၏ အဓိက ရည်မှန်းချက်မှာ ဘင်္ဂလားဒေ့ရှ်တွင် မည်သည့်ပါတီက အာဏာရနေပါစေ ၎င်း၏ တည်ရှိမှုကို အခိုင်အမာ ထူထောင်ရန် ဖြစ်သည်။

တရုတ်သည် ဘင်္ဂလားဒေ့ရှ်တွင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့ပြီး ပိုမိုနက်ရှိုင်းသော စီးပွားရေး အကျိုးစီးပွားများ အတွက် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) နှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကဲ့သို့သော မက်လုံးများ ပေးဆောင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရှိ ပဒ်မမြစ်ကူးတံတားတည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဆိုလာပြားစက်ရုံများကဲ့သို့သော အရေးပါသော စီမံကိန်းများတွင် တရုတ် က ရင်းနှီးမြှုပ်နှံခဲ့သည်။

ပါကစ္စတန်၊ မွန်ဂိုလီးယား၊ မြန်မာ၊ ကင်ညာ၊ ဇမ်ဘီယာ၊ ဂျီဘူတီ၊ အီသီယိုးပီးယား၊ ကာဂျစ်စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင် တရုတ်၏ ပါဝင်ပတ်သက်မှုသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး အခြေအနေ ယိမ်းယိုင်မှုကို မကြာခဏ ဖြစ်ပေါ်စေသည်။ ဘင်္ဂလားဒေ့ရှ် နှင့် ပတ်သက်သည့် တရုတ်၏ ရည်ရွယ်ချက်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ နယ်စပ် သုံးဖက်တွင် အိမ်နီးချင်းအိန္ဒိယ နှင့် တဘက်ခြမ်း တွင် မြန်မာ က ဝန်းရံထားသော ဘင်္ဂလားဒေ့ရှ်ကို လက်နက်ထောက်ပံ့ လိုသော တရုတ်၏ ဆုံးဖြတ်ချက်က နားလည်ရခက်သည်။ ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် လက်နက်များ၏ ၇၂ % ကို တရုတ် က ထောက်ပံ့ပေးခဲ့ကြောင်း ဆွီဒင်အကြံပေးအဖွဲ့ SIPRI က ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ၂၀၃၀ တွင် ခေတ်မီစစ်တပ် တခုဖြစ်ရန် ရည်ရွယ်ထားပြီး ယင်းအတွင် တရုတ်စစ်တပ်နှင့် စစ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။

တရုတ်သည် စစ်တကောင်းမြို့ရှိ ကော့စ်ဘဇာ အနီးတွင် BNS Sheikh Hasina အမည်ရှိ ဆိပ်ကမ်းတခုကို တည်ဆောက်ခဲ့ပြီး ရေငုပ်သင်္ဘော ခြောက်စင်းနှင့် စစ်သင်္ဘော ရှစ်စင်း ထားရှိနိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ရေတပ်တွင် ရှိသော တရုတ်လုပ် ဖရီးဂိတ် စစ်သင်္ဘောများနှင့် ကော်ဗက်များ ကို ယင်းဆိပ်ကမ်းတွင် ထားရှိသည်။ ဘင်္ဂလားဒေ့ရှ်သို့ တရုတ်လုပ် ရေငုပ်သင်္ဘောများ ထောက်ပံ့ပေးထားပြီး လွန်ခဲ့သည့် နှစ်အတွင်း ယင်းနေရာတွင် စခန်းချထားကြောင်း ဂြိုဟ်တုဓာတ်ပုံများ က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ BRI စီမံကိန်းတွင် တရားဝင်ပါဝင်သည့် ပထမဆုံး တောင်အာရှနိုင်ငံ ဖြစ်သည်။ ယင်းကာလအတွင်း တရုတ်သည် ဘင်္ဂလားဒေ့ရှ်တွင် ဒေါ်လာ ခုနစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအသွင်ဆောင်မှုအောက်တွင် တရုတ်သည် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးကို ထိခိုက်စေခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖန်တီးခဲ့သည်။

ရှိတ်ဟာဆီနာ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် တရုတ်သို့ သွားရောက် လည်ပတ်ခဲ့သော်လည်း တရုတ်ကို ဆန့်ကျင်သည့်အနေဖြင့် Teesta မြစ်စီမံကိန်းတွင် တရုတ်ကို ထည့်သွင်းခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ရှိတ်ဟာဆီနာ သည် တရုတ်အား ဘင်္ဂလားဒေ့ရှ်တွင် ကန့်သတ်မဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ခွင့်ကို အာမခံချက် မပေးသည့် အတွက် ၎င်း ကို ဒေါသထွက်စေခဲ့သည်။ ယင်းကြောင့် တရုတ်သည် ရှိတ်ဟာဆီနာ အစိုးရကို ဖြုတ်ချပြီး ဘင်္ဂလားဒေ့ရှ်၏ အကျိုးစီးပွားများကို ပိုမိုလုပ်ဆောင်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ တရုတ်သည် နိုင်ငံရေးမတည်ငြိမ်မှုများကြားမှ ယူနွတ်ကြားဖြတ် အစိုးရကို ၎င်း၏ အကျိုးစီးပွား အတွက် အလွယ်တကူ ညှိနှိုင်းနိုင်ခဲ့ပြီး ပြည်တွင်းရေးတွင် အမာခံ ရပ်တည်နိုင်ခဲ့သည်။

ပထဝီဝင်နိုင်ငံရေး ရွေ့လျားပြောင်းလဲလာမှုတွင် မရှိမဖြစ်လိုအပ်သောအချက်မှာ မြန်မာနိုင်ငံ၏ အခြေအနေ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သည် တရုတ်၏ ဒေသဆိုင်ရာ မဟာဗျူဟာအတွက် အရေးပါသော မြန်မာနိုင်ငံ ၏ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပေါ် အလေးထားသည့် ဆက်ဆံရေးကို တည်ဆောက်လျက် ရှိသည်။ အဆိုပါအဖွဲ့များသည် မြန်မာနယ်စပ်ဒေသများတွင် သြဇာလွှမ်းမိုးမှု ရရှိနေပြီး တရုတ် က ဘင်္ဂလားဒေ့ရှ်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှု တိုးချဲ့ရန် အလားအလာရှိသည်။

စစ်တကောင်းတောင်တန်းဒေသတွင် လှုပ်ရှားနေသော ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) ကဲ့သို့သော ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့များသည် မြန်မာတွင် စစ်သင်တန်းများ ရရှိထားကြသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် ယင်းသောင်းကျန်းသူအဖွဲ့များကြား ဖျန်ဖြေရေးတွင် တရုတ် သည် ပြည်တွင်း တည်ငြိမ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ ထို့ပြင် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်သည် ဘင်္ဂလားဒေ့ရှ်အတွက် အရေးပါသော ကိစ္စရပ်ဖြစ်ပြီး ယင်းအဖြေအတွက် တရုတ် က အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လာနိုင်သည်။

၂၀၁၉ တွင် ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင် အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းမှာ ၇ ဒသမ ၈၈ ရာခိုင်နှုန်း ဖြစ်သည်။ သို့သော် တရုတ်၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်သည် စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်သွားခဲ့သည်။ အဆိုပါပြဿနာကို စီးပွားရေး အကျပ်အတည်း တခုတည်းတွင်သာ ကန့်သတ်ထားပါက အခြေအနေမှာ အချိန်နှင့်အမျှ ပြန်လည် ကောင်းမွန် လာနိုင်သည်။ သို့သော် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ပေါင်းစပ်ခြင်း သည် နိုင်ငံ၏ ကျောရိုးကို ပြင်းထန်စွာ သက်ရောက်မှုရှိပြီး ပြန်လည်ကောင်းမွန်ရန် ဆယ်စုနှစ်များစွာ ကြာနိုင်သည်။

ဘင်္ဂလားဒေ့ရှ်သည် ယခု အသွင်ကူးပြောင်းရေးကာလမှ သာယာဝပြောသော အနာဂတ်ကို တည်ဆောက်ရန်မှာ တရုတ်နှင့် ဆက်ဆံရေးအားလုံးကို ဦးစွာဖြတ်ပစ်ရမည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ ယင်းနောက် ဘက်စုံပြည်တွင်းရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေးတည်ငြိမ်မှုဖြင့် စတင်အကောင်အထည် ဖော်ရမည် ဖြစ်သည်။ သို့မှသာ ဘင်္ဂလားဒေ့ရှ်တွင် ပုံမှန်အခြေအနေ ပြန်လည် ရရှိနိုင်မည် ဖြစ်ပြီး သို့မဟုတ်ပါက လိမ္မာပါးနပ်သော တရုတ် နည်းဗျူဟာများ ၏ သားကောင်ဖြစ်လာရန် အန္တရာယ်ရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *