ရခိုင်ပြည်နယ်တွင်းက ဂွမြို့ကို ရခိုင့်တပ်တော်သိမ်းပိုက်ပြီးသည့်နောက် ဂွနဲ့နီးတဲ့ ဧရာဝတီတိုင်းတွင်းက မကျီးဇင်ရွာတိုက်ပွဲတွေ ဖြစ်လာခဲ့အပြီး စစ်ကောင်စီက ချောင်းသာနှင့်အနီးတဝိုက်ကို အထိုင်တပ်စခန်းနှစ်ခုကို တိုးမြှင့်ချထားလိုက်ပါတယ်။မကျီးဇင်တိုက်ပွဲကနေ ရွှေသောင်ယံအနီးထိ ကူးစက်လာပြီလို့ သတင်းတွေပေါ်ထွက်လာတာကြောင့် ချောင်းသာမြို့အဝင်နှင့် ကျောက်မောင်နှမမှာ အခုလို စစ်ကောင်စီတပ်စွဲလိုက်ခြင်းဖြစ်ပြီး သံချပ်ကားတွေလည်း ပြင်ဆင် အင်အားဖြည့်ထားတဲ့အကြောင်း ဆိုပါတယ်။မနေ့က ထုတ်ပြန်တဲ့ မြို့နယ် ပ.က.ဖ ပုသိမ်ရဲ့သတင်းတွေထဲမှာ ရွှေသောင်ယံမြို့ တပင်မှော်အမြောက်တပ်နှင့် ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အားဖြည့်အထိုင်ချကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။စစ်ရေးတင်းမာနေတဲ့ဒေသတွေမှာ ဖုန်းလိုင်းနှင့် အခြားဆက်သွယ်ရေးတွေ ခက်ခဲနေကြောင်း သိရပြီး မကျီးဇင်တိုက်ပွဲမှာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်အချို့ဟာ ရွှေသောင်ယံဘက်မှာ သွားပူးပေါင်းနေတယ်လို့လည်း သတင်းတွေထွက်ပေါ်လာပါတယ်။ဒီသတင်းတွေကို အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကတော့ စစ်ကောင်စီဘက်က လူတွေ စိတ်အားမငယ်စေရန်အတွက် အကြမ်းဖက်ဝန်ကြီးချုပ်ကိုယ်တိုင် ယမန်နေ့က ရွှေသောင်ယံကို သွားရောက်လည်ပတ်ပြခဲ့ပါသေးတယ်။တခါ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းဟာ ဟန်ကိုယ့်ဖို့အနေနဲ့ စစ်တွေမြို့အတွင်း တာဝန်ထမ်းဆောင်လျက်ရှိနေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား သွားရောက်တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့ လိုအပ်ကြောင်းစသဖြင့် ပြောကြားနေတာ တွေ့ရပါတယ်။ အခုလို လူရှေ့ထွက်ပြီး လူလုံးပြနေပေမယ့် စစ်တွေမြို့အတွင်းမှာ စစ်ကောင်စီနဲ့လက်တွဲထားတဲ့ စောမြရာဇာလင်းဦးဆောင်တဲ့ ALP တပ်ဖွဲ့များကို စစ်ကောင်စီက လက်နက်တွေထောက်ပံ့ပြီး စစ်သင်တန်းပေးရင်း အရေးကြုံရင် စစ်ကောင်စီဘက်က ကူတိုက်နိုင်ဖို့ အားထုတ်လျက်ရှိပါတယ်။
စစ်ကောင်စီရဲ့ ဝန်ကြီး ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးအဖွဲ့တို့ဟာ စစ်တွေမြို့ရှိ ကုလားတန်ဖွံ့ဖြိုးရေး စီမံကိန်းဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသော ကမ်းရိုးတန်းသွားသင်္ဘောများကို ကြည့်ရှုစစ်ဆေးပြခြင်း၊ ပြည်နယ်စစ်ကောင်စီ၏ အပတ်စဉ်ရုံးများသို့ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆောင်ရွက်ပေးနေမှုနှင့် ဝန်ထမ်းများသည် တိုင်းပြည်အကျိုးအတွက် တာဝန်ကို ဦးလည်မသုန်ဆောင်ရွက်နေမှုကို အသိအမှတ်ပြုကြောင်း စကားများဆိုကာ ရခိုင်ပြည်တွင်း စစ်ရှုံးနေမှုအခြေအနေကို ပြည်သူအားလှည့်စားဖို့ ကြိုးစားနေခြင်းက သိသာလွန်းလှပါတယ်။ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုသူ ဦးထိန်လင်းဟာ လက်ရှိမှာတော့ စစ်တွေမြို့က ထွက်မပေးသေးဘဲ လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ကို အုပ်ချုပ်လျက်ရှိနေဆဲ ဖြစ်ပါတယ်။ကျန်မြို့တွေကတော့ အာရက္ခတပ်တော်အောက်ကို ကျရောက်သွားပါပြီ။ သုံးမြို့သာကျန်တော့တဲ့အချိန်မှာ အာရက္ခတပ်တော်က နိုင်ငံရေးစကားပြောကြမလားလို့ ထုတ်ပြန်ထားတာရှိပြီး စစ်ကောင်စီကတော့ ရခိုင်တပ်ထိန်းချုပ်ရာဒေသတွေကို ပြင်းပြင်းထန်ထန်ပဲ ဗုံးကြဲနေပါတယ်။
ဒါပေမယ့်လည်း ဗုံးကြဲခြင်းတွေကြားမှာ မြောက်ပိုင်းညီနောင်တပ်များဟာ ၄င်းတို့သိမ်းယူထားတဲ့ မြို့တွေကို ပြန်လည်ထူထောင်မှုတွေ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။ ဆုံးရှုံးနယ်မြေမှန်သမျှကို ဗုံးကြဲမှုကြောင့် အရပ်သားတွေသေဆုံးမှုကတော့ သိသိသာမြင့်တက်လာနေပါတယ်။ရခိုင်ပြည်က ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တော စသည့် မြို့နယ်အချို့ ဗုံးကြဲခံရမှုဖြစ်စဉ်များဟာ အလွန်ဆိုးရွားခဲ့ပြီး ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးသူများရှိခြင်းကြောင့်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၉ နာရီက ကျောက်တော်မြို့ကို ဗုံးကြဲခံရစဉ်က အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဗဟိုနိုင်ငံရေးမှူးအဖွဲ့ဝင် အကောက်အခွန်ဌာနက ဦးဝိုင်းမောင်နှင့် ၎င်း၏သားတို့ သေဆုံးသွားသည်ဟု သတင်းရင်းမြစ်များထံက သတင်းတွေထွက်ပေါ်လာပြီး အာရက္ခတပ်တော်ရဲ့ ပြန်ကြားရေးကတော့ တရားဝင်သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အခုလိုဗုံးကြဲခံရပြီး ဖြစ်လာတဲ့သေဆုံးမှုတွေဟာ သတင်းပေးသူရှိလို့ ဖြစ်နိုင်သလို လူမှုကွန်ရက်ပေါ်မှာ အချက်အလက်များများ ဖော်ပြမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ရခိုင်စစ်ရေးနှင့်နီးစပ်သူတဦးက သုံးသပ်ပါတယ်။အချို့ကလည်း ရမ်းဗြဲ၊ ကျောက်နီမော်၊ ဗုံးကြဲခံရခြင်းဟာ ရခိုင့်တပ်တော်အနေနဲ့ အေအေကို စစ်ကောင်စီက သတိပေးလိုတာဖြစ်ပြီး ကျောက်ဖြူကို ဆက်တိုက်လာမယ်ဆိုရင် ဒီလိုအထိနာမယ်ဆိုတာ ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုထင်ကြေးအမျိုးမျိုးတွေကြားမှာတော့ ရခိုင့်တပ်တော်ကတော့ စစ်ကောင်စီသတင်းပေးသူတချို့ကို ရှာဖွေစုံစမ်းအရေးယူမှုတွေလည်း ရှိနေကြာင်း မြေပြင်သတင်းတွေက ဆိုနေကြပါတယ်။ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်ရဲ့ ကြီးကျယ်တဲ့ အောင်ပွဲတွေအပြီးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ကုန်ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိဆိုရင် ၅၉ ဦးအထိသေဆုံးပြီး ဒဏ်ရာရသူဆိုရင် ၆၀ နိးပါးရှိသွားပြီလို့လည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။