ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီ တပ်တို့ ဇန်နဝါရီ ပထမပတ်မှစတင်၍ တိုက်ပွဲများဖြစ်နေရာ ဒေသတွင်း စစ်ရေးတင်းမာနေပြီး ဒေသခံ အများအပြား တိမ်းရှောင်နေကာ နာမည်ကျော် ကမ်းခြေများသို့ လူဝင်ရောက်မှု လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းများ ဖြစ်သော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မြို့နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ထိုတိုက်ပွဲများသည် ရပ်တန့်မသွားဘဲ ဧရာဝတီတိုင်းတွင်ပါ ကူးစက်လာပြီး ယခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှ စ၍ ရွှေသောင်ယံမြို့မှ မိုင် ၂၀ ကျော်အကွာ ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့အနီးရှိ ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ ကုလားချောင်း၊ ကျောက်ချွန်နှင့် မကျီးဇင်ကျေးရွာတို့အနီး AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဂွမြို့မှ မိုင် ၂၀ ကျော်အကွာ ကားဖြင့်လာပါက ၄၅ မိနစ်ခရီးသာ ရှိသော ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာ ကိုလည်း AA သိမ်းပိုက်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုနေရာသည် ရွှေသောင်ယံကမ်းခြေ နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးသည်။
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ တပင်မှော်အမြှောက်တပ်နှင့် ဝက်သေကျေးရွာတွင် စစ်ကောင်စီ တပ်သားများ အင်အားဖြည့်အထိုင်ချကာ ခံစစ်ပြင်ဆင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အလားတူ ကျောက်မောင်နှမဟု ခေါ်သည့် ကမ်းခြေအနီးတွင် တပ်စွဲ၍ သံချပ်ကာကားများ ပြင်ဆင် ထားသည်၊ ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်နေ့တွင် တပင်မှော်အမြောက်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ရွှေသောင်ယံ အနီးဝန်းကျင်ရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ပါရှိသည်။
ပုသိမ်ပကဖကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သေည်လည်း စစ်ရေးအခြေအနေများ အသေး စိတ်ပြောဆိုမရသေးကြောင်း ၊ ၎င်းတို့အနေဖြင့် ဖြေကြားခွင့်မရှိကြောင်း ဆိုသည်။
ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ တိုက်ပွဲမဖြစ်သည်မှာ ၄ ရက်နီးပါးရှိနေသော်လည်း ယမန်နေ့က ရွှေသောင်ယံ အနီးဝန်းကျင်နေရာများမှ လက်နက်ကြီးပစ်ခတ်သံတချို့ ကြားလိုက်ရကြောင်း ရွှေသောင်ယံမြို့အနီးတွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ပစ်ခတ်သံတွေကြားတယ်၊ ရွှေသောင်ယံထဲမှာတော့ မဟုတ်ဘူး လက်နက်ကြီးတွေပစ်နေတာ။ သာပေါင်း ဘက်ကို ရောက်သွားတယ်လို့ကြားတယ် တိုက်ပွဲကလေ။ ရွှေသောင်ယံမှာတော့ ဒေသခံတွေ အတော်လေး နည်းသွားတာပေါ့နော်။ ရှောင်တဲ့သူတွေရှောင်ကြတယ်” ဟု ထိုသူက ဆိုသည်။
လက်ရှိတွင် ရွှေသောင်ယံမြို့ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။
ဧရာဝတီဒေသခံများနှင့် ရခိုင်စစ်ရှောင်များ တိမ်းရှောင်
စစ်ကောင်စီတပ်က ရွှေသောင်ယံမြို့တွင် ဇန်နဝါရီ ၁၀ ရက်နေ့၌ စစ်အင်အားများ ဖြည့်တင်းထားသည့် အတွက် ဒေသခံအများစုက စိုးရိမ်ပူပန်ကာ ပုသိမ်မြို့အပါအဝင် အခြားနေရာများသို့ တိမ်းရှောင်နေကြ ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင်သူ ထောင်နှင့်ချီ၍ ရွှေသောင်ယံနှင့် ချောင်းသာ ကမ်းခြေဒေသများတွင် ရောက်ရှိနေကြပြီး ရေလုပ်ငန်းလုပ်ကိုင်သူအများစုပါဝင်ကြောင်း သိရသည်။
ထိုစစ်ရှောင်များအနေဖြင့် အခြားနေရာသို့ ထပ်မံတိမ်းရှောင်ရမည့် အခြေနေနှင့် ရင်ဆိုင်နေရပြီး အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း ရွှေသောင်ယံဒေသခံ အထက်ပါအမျိုးသားက ဆက်ပြောသည်။
လက်တလောတွင် ပုသိမ်၊ ငါးသိုင်းချောင်း၊ သာပေါင်းစသည့်မြို့များသို့ ရခိုင်ဒေသခံများ အလုံးအရင်း တိမ်းရှောင်လာ၍ စစ်ကောင်စီတပ်က ရန်ကုန်-ပုသိမ် ၊ ပုသိမ်-ချောင်းသာ လမ်းအပါအဝင် နေရာအများစု တွင် မှတ်ပုံတင်နှင့်အထောက်အထားများ တင်းတင်းကျပ်ကျပ်စစ်ဆေးနေကြောင်း ခရီးသွားယာဉ်လိုင်း ပြေးဆွဲသူတချို့က ပြောသည်။
စစ်ကောင်စီ၏ တိုင်းရုံးစိုက်ရာဖြစ်သော ပုသိမ်မြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) တည်ရှိ ပြီး ရွှေသောင်ယံမြို့နှင့် မိုင် ၄၀ နီးပါးသာ ကွာဝေးသည်။
ထို့ကြောင့် ရိုးမတစ်ဖက် နယ်မြေထိစပ်နေသော ဧရာဝတီတိုင်း ပင်လယ်ပြင် တစ်ဆက်တည်းရှိကြသော ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင် စသော ကမ်းခြေများတွင် ယခုနှစ်ဆန်း၌ သက်ရောက်မှုများ စတင်ဖြစ်ပေါ်လာသည်။
ရွှေသောင်ယံမြို့အနီးဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကမ်းခြေတစ်ဆက်တည်းဖြစ်သည့် ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေတို့တွင်လည်း ခရီးသွားဝင်ရောက်မှု နည်းပါးသွားပြီး ထိုနေရာများကို မှီခိုလုပ်ကိုင် နေသည့် ဒေသခံတချို့အလုပ်အကိုင်နှင့် ရပ်တည်ရန်ခက်ခဲလာကြကြောင်း ဒေသခံများနှင့် ဟိုတယ် ၅ ခု ထက်မနည်းကလည်း ပြောကြသည်။
နှစ်စမှ ဧပြီလအထိသည် ကမ်းခြေများသို့ ခရီးသွား အလာများသည့် ကာလများလည်း ဖြစ်ကြကာ အနယ် နယ် အရပ်ရပ်မှ ခရီးသွားများ အပန်းဖြေလာရောက်ကြသည်။
ရွှေသောင်ယံအနီးတိုက်ပွဲသတင်းများကြောင့် မူလက စီစဉ်ထားသော ချောင်းသာခရီးစဉ်ကို ဖျက်ကာ ငွေဆောင်ကမ်းခြေသို့ ခရီးစဉ်ပြောင်းရွှေ့ရန် စဉ်းစားခဲ့သော်လည်း လုံခြုံရေး စိတ်မချ၍ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူ အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“နှစ်စမှာ ခရီးသွားမလို့ လုပ်ထားတာ။ လမ်းခရီးစစ်ဆေးတာတွေရော တိုက်ပွဲသတင်းတွေရောကြောင့် မသွားဖို့ ဆုံးဖြတ်လိုက်တာ” ဟု ၎င်းက ပြောသည်။
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ ဒေသခံများသည် ခရီးသွားဧည့်သည့် ဝန်ဆောင်မှုနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ခရီးသွားနည်းပါးခြင်းနှင့် စစ်တပ်၏ ပင်လယ်ပြင်ထွက်ရန် တားဆီးခံရမှုများက ဒေသခံများ ဝမ်းရေးရပ်တည်ရေးအတွက် ကြီးမားသောရိုက်ခတ်မှု ဖြစ်စေကြောင်း၊ ဒေသခံတချို့က မတိမ်းရှောင်ကြသေးဘဲ စောင့်ကြည့်နေကြသေးကြောင်း ငွေဆောင်ကမ်းခြေမှ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။
“ခရီးသွားက နည်းနည်းပဲ ရှိတယ်၊ အများကြီးတော့မရှိတော့ဘူး။ တိုက်ပွဲက ဝေးသေးတော့ ဒေသခံတွေ က မပြောင်းကြသေးပါဘူး၊ နေကြပါသေးတယ်” ဟု ၎င်းက ဆိုသည်။
“ခုက ဝေးသေးတော့ မပြောင်းကြသေးတာ၊ နောက်ပိုင်းနီးလာပြီဆိုရင်တော့ ရွှေ့ပြောင်းဖို့တော့ ပြင်ဆင် ထားရတယ်”
ခရီးသွားလုပ်ငန်း မကောင်းသဖြင့် ပင်လယ်ဘက်သို့ ငါးရှာထွက် လုပ်ကိုင်နေကြသူများကိုလည်း ပင်လယ် ပြင်သို့မထွက်ရန် တားဆီးမှုခံရမှုများလည်း ရှိနေကြောင်း ဆက်ပြောသည်။
ပင်လယ်ပြင်တွင် ရေတပ်သဘော် ၁၀ စီး ထက်မနည်း ရှိနေသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆိုသည်။
ချောင်းသာကမ်းခြေတောင်ဘက် ငွေဆောင်ကမ်းခြေတွင်မူ တိုက်ပွဲများ အနီးနားတွင် မဖြစ်ပွားသေးသည့် အတွက် ဟိုတယ်များ ပိတ်သိမ်းခြင်းမရှိသေးဘဲ ခရီးသွားများကို လက်ခံနေဆဲ ဖြစ်သည်ဟု ချောင်းသာ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခရီးသည်က အဝင်လည်းရှိတယ် အထွက်လည်းရှိတယ်၊ လမ်းမှာတော့ မှတ်ပုံတင် စစ်တယ်။ ကမ်းခြေမှာ တော့ အဲသလို စစ်တာမျိုးတွေ ဧည့်စာရင်းစစ်တာတွေတော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
AA သည် ရခိုင်တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားရာ ရခိုင် ၁၇ မြို့အနက် ၁၄ မြို့ကို သိမ်းပိုက်ထားပြီး နယ်မြေထိစပ်နေသော ချင်းပြည်နယ် ပလက်ဝကိုလည်း သိမ်းထားရာ နယ်မြေ ထိစပ်နေသော မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့်ပါ တိုက်ပွဲများ ဖြစ်လာနေသည်။