ylliX - Online Advertising Network
ကျောက်ဆစ်လုပ်ငန်းကုန်ကြမ်းဒေသတွင် အရပ်သား ၁ ဦး လက်နက်ကြီးထိ - Myanmar Now

ကျောက်ဆစ်လုပ်ငန်းကုန်ကြမ်းဒေသတွင် အရပ်သား ၁ ဦး လက်နက်ကြီးထိ – Myanmar Now


 ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)  သိမ်းပိုက်ထားသည့် မတ္တရာမြို့နယ်၊ စကျင်ဒေသ တွင် ဇန်နဝါရီ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့သည်။ 

ထိုနေ့ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့မြောက်ဘက် ၄ မိုင်ခန့်အကွာ တုန်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောက်ဘက်သို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ထိုရွာ၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ စကျင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ သည်။  

စကျင်ရွာ ပုဗ္ဗာရုံကျောင်းတိုက်တွင် ရှိနေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ယမန်နေ့ က ပြောသည်။

“လက်နက်ကြီးစ ခေါင်းထိတာလို့တော့ ကြားတယ်ဗျ။ မနေ့က အသုဘချတယ်။ သူက ဘုန်းကြီးကျောင်း သား လို့လည်းပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျ”ဟု အသက်၂၀ အရွယ် အဆိုပါ ဒေသခံ အမျိုးသားက ဆိုသည်။

မန္တလေးမြို့ မဟာမုနိဘုရားအနီး စကျင်ကျောက်ဖြင့် ဘုရားဆင်းတုထုလုပ်ခြင်းလုပ်ငန်းကို အကြီးစား  လုပ်ကိုင်နေကြရာ မန္တလေးမြို့မြောက်ဘက် ၂၇ မိုင်ကျော်ခန့်အကွာ စကျင်ကျောက်များထွက်ရှိသည့် မတ္တရာမြို့နယ် စကျင်ကျေးရွာသည် ဒေသတွင်း ထင်ရှားပြီး စည်ကားလှသည့်ရွာကြီးဖြစ်သည်။ 

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့မြောက်ဘက်၊  မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ရှိနေသော ကျေးရွာများကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစပြီး မီးရှို့မှုများဆက်တိုက်ကျူးလွန်နေသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ ပြီးခဲ့သည့် ရက် ၃၀ အတွင်း သတင်းထုတ်ပြန်ချက်များတွင်လည်း  မတ္တရာမြို့နယ် ဖြစ်ရပ်များအကြောင်း ပါဝင်ခြင်း မရှိပေ။

ရန်ပြုခံနေရသည့်  ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရခြင်း၊   တရုတ်နိုင်ငံသို့ပို့ဆောင်နိုင်သည့် လမ်းကြောင်း ပိတ်ထားရခြင်း စသည့်အကြောင်းများကြောင့်    စကျင်ဒေသ ကျောက်လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကလည်း အဆိုပါစကျင်ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦးထိခိုက်ခဲ့သေးသည်။

အဆိုပါစကျင်ရွာကို MDY-PDF  က “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းစသည့် ယမန်နှစ် နှစ်လယ်ခန့် ကတည်းက သိမ်းပိုက်ထားသည်။

ထို့ပြင် ယမန်နေ့(ဇန်နဝါရီ ၁၆ )က မတ္တရာအနောက်ခြမ်း ဥဒိန်ကျေးရွာတွင် အထိုင်ချထားသည့် စစ်တပ် က  ဥဒိန်ရွာအပါအဝင် မြစ်ကမ်းဘေးကျေးရွာများကို မီးရှို့ခဲ့ပြီး ၁၃ ကြိမ်မြောက် ဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“မြစ်ကမ်းရွာတွေက နေ့တိုင်းလို မီးရှို့တယ်။ ဒီနေ့ (ဇန်နဝါရီ ၁၆) လည်း ဥဒိန်ရွာမှာကျန်တဲ့ အိမ်တွေကို ဆက်ရှို့တယ်။ အဓိကက ဒီရွာတွေမှာ တော်လှန်ရေးတပ်တွေ ပြန်လာပြီး အခြေမချနိုင်အောင် (အိမ်) ကုန်အောင်ကို နေ့စဉ်ရှို့နေတာ”ဟု ၎င်းက ဆိုသည်။

မတ္တရာအနောက်ခြမ်း အခြေအနေပြမြေပုံ။

ယခင်က ထိုနေရာများသည် တော်လှန်ရေးအင်အားစုများအားကောင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များ အခြေချလှုပ်ရှားကာ MDY-PDF က မတ္တရာ မြို့နယ်အရှေ့ပိုင်းကို ထိန်းချုပ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် နေရာယူထားသည့် မတ္တရာအနောက်ခြမ်းကို နယ်မြေ ပြန်လည်ရယူရန်ကြိုးစားသွားမည်ဟု ထိုဒေသတွင်စစ်ရေးလှူပ်ရှားခဲ့သည့် ပြင်ဦးလွင်ခရိုင်-ပကဖ တပ်ဖွဲ့ က ပြီးခဲ့သည့်ဇန်နဝါရီလဆန်းက Myanmar Now ကို ပြောထားသည်။



“အနောက်ခြမ်းမှာ စကစတွေက အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေတော့ ကျွန်တော်တို့ အချိန်ယူပြီး တော့ နယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစားမယ်ဗျ။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီ၏လက်ကျန်စခန်းတချို့ကျန်ရှိနေရာ တိုက်ပွဲငယ်များ နေ့စဉ် ဖြစ်နေသည်ဟု MDY-PDF သတင်းတာဝန်ခံကိုအော်စမွန်က Myanmar Now ကို ပြောသည်။

မတ္တရာမြို့နယ်နှင့်ထိစပ်နေသည့် ပုသိမ်ကြီးမြို့နယ်ကျေးရွာတချို့တွင်လည်း စစ်ကောင်စီက ယခုလ အတွင်း တပ်စွဲကာ အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောကြသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀ အကွာ မတ္တရာမြို့နယ် အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့  ၂၀၂၄  ဇွန်၂၅ ရက်နေ့မှစကာ တိုက်ပွဲများဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှု များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရကာ လူဦးရေ ၅၆၅၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု မတ္တရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။ 

တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်မှ ပြီးခဲ့သည့်ဒီဇင်ဘာတစ်လအတွင်း၌ပင် လက်နက်ကြီးရန် ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး  အောက်တိုဘာလကုန်မှ နိုဝင်ဘာလ အထိ တစ်လကျော်အတွင်း လူဦးရေ ၃၀ ကျော် သေဆုံးခဲ့သည်။

 ဧရာဝတီမြစ်အတွင်းမှ လှမ်းမြင်ရသော စကျင်တောင်တချို့။ (ဓာတ်ပုံ-မိုးဦး/ Myanmar Now)





Source link

Leave a Reply

Your email address will not be published. Required fields are marked *