ylliX - Online Advertising Network
နိုင်ငံပြိုကွဲနိုင်သော စစ်ကောင်စီ ရွေးကောက်ပွဲ - Myanmar Now

နိုင်ငံပြိုကွဲနိုင်သော စစ်ကောင်စီ ရွေးကောက်ပွဲ – Myanmar Now


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော် အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်” ဟု ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။ ထိုအချိန်မှစ၍ ရွေးကောက်ခံအရပ်သားအစိုးရလက်အောက် တည်ငြိမ်စွာရှိနေခဲ့သော တိုင်းပြည်သည် အမှန် တကယ် အရေးပေါ်အခြေအနေ ရောက်ရှိသွားခဲ့သည်။

မကြာမီရက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှု ၄နှစ်မြောက် နှစ်ပတ်လည်နေ့ ရောက်ရှိလာတော့မည် ဖြစ်သည်။ ထိုနေ့တွင် ထုံးစံအတိုင်း ၎င်းအား လွှဲအပ်ထားသော အာဏာကို မင်းအောင်လှိုင် သက်တမ်းထပ်တိုးမည်လော။ သို့မဟုတ် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဟု ကမ္ဘာသိ ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲ ရှေ့ပြေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယာယီသမ္မတထံ အာဏာပြန်လည်အပ်နှင်းမည်လော ဆုံးဖြတ်ရမည် ဖြစ်သည်။   

လွန်ခဲ့သော ၄နှစ်လုံးလုံး စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် နေ့စဥ်မပြတ် ဖော်ပြနေသော ရှေ့လုပ်ငန်းစဥ် ၅ရပ်၏ နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက” ဆိုသည့် အထူးပြုစကားရပ်ခံထားကာ ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲပြောင်းပေးမည် ဟု တိုင်းသိ ပြည်သိ ကြေညာထားသည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် ခြေ/ဥနှင့်အညီ အာဏာရယူထားသည် ဆိုသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် အမှန်တကယ် လုပ်ဆောင်နေပါက လာမည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အရေးပေါ်ကာလအခြေအနေကို ရုတ်သိမ်းရမည်ဖြစ်ပြီး၊ ယာယီသမ္မတထံ အာဏာလွှဲပြောင်းပေး ရေးသည် ရွေးကောက်ပွဲကျင်းပရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် ပထမဆုံး “ရှေ့ပြေးလက္ခဏာ” အဖြစ် ပြသရမည် ဖြစ်ပါသည်။ 

ထိုသို့ဆောင်ရွက်ရန် မခက်ပါ။ အကြောင်းမှာ ၂၀၀၈ ခုနှစ် ခြေ/ဥကို ချိုးဖောက်၍ အာဏာသိမ်းရန် ယာယီ သမ္မတရာထူး ဖန်တီးပြီး ရုပ်သေးကြိုးဆွဲအသုံးချခဲ့သော ဒု-သမ္မတမြင့်ဆွေကို မင်းအောင်လှိုင်သည် ကျန်းမာ ရေး အကြောင်းပြချက်ဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆေးခွင့်ပေးကာ ၎င်း၏အာဏာကိုပါ သိမ်းယူထားပြီး ဖြစ်သော ကြောင့် ဖြစ်သည်။ စင်စစ် ထိုဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီအတွင်း မင်းအောင်လှိုင်၏ ဒုတိယအကြိမ် အာဏာသိမ်းမှု ဟုပင် ဆိုရပေလိမ့်မည်။    

ထို့ကြောင့် တရားမဝင် ယာယီသမ္မတ၏ တရားမဝင်အာဏာကို တရားမဝင်ရယူ သိမ်းပိုက်ထားပြီ ဖြစ်၍၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ယာယီသမ္မတထံ အာဏာပြန်လွှဲပေးလျှင်လည်း၊ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ယာယီသမ္မတ မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခြင်းမျိုးသာ ဖြစ်လာပေလိမ့်မည်။ 

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံအနှံ့ စစ်ရေးအခြေအနေအရ လွန်ခဲ့သော ၄နှစ်လုံးလုံး မင်းအောင်လှိုင် စိတ်ကူး ယဥ်ခဲ့သော နိုင်ငံတွင် ကျင်းပဖူးခဲ့သမျှ ရွေးကောက်ပွဲများအားလုံးထက် သာလွန်ပြီး၊ တစ်နိုင်ငံလုံး အကြား အလပ်မရှိ ကျင်းပမည်ဟု ကြွေးကြော်ခဲ့သော ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်မလွယ်ကူမှန်း၊ သန်းခေါင်း စာရင်း ကောက်ယူခဲ့မှု အခြေအနေများအရ မင်းအောင်လှိုင် သိနေပြီ ဖြစ်သည်။ နိုင်ငံ၏ မြို့နယ်အများအပြားတွင် ကောက်ယူနိုင်ခြင်းမရှိသော သန်းခေါင်စာရင်းမှ မှန်ကန်သော မဲစာရင်း မည်သို့မျှ ရရှိနိုင်မည် မဟုတ်ပါ။  

မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ ဂါထာ 

သို့သော် မင်းအောင်လှိုင်သည် အာဏာသိမ်းကတည်းက မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းကို ပြောဆိုလာသည့်အချက်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သောကြောင့် မလွှဲမရှောင်သာ အာဏာ သိမ်းလိုက်ရကြောင်း၊ ဒီမိုကရေစီစနစ် မှန်ကန်ဖြောင့်မတ်ရေးအတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်း၏လက်ထက်တွင် ပြီးပြည့်စုံသော ရွေးကောက်ပွဲကြီး တစ်ခုကို နိုင်ငံအနှံ့ အကြားအလပ်မရှိ ကျင်းပပေးပြီး အာဏာပြန်လည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်း လွန်ခဲ့သော ၄နှစ်လုံးလုံး ရွေးကောက်ပွဲ ဂါထာ ရွတ်ဖတ် လာခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက် စစ်ကောင်စီသက်တမ်း ၆လ ပြည့်သောနေ့တွင် အများပြည်သူကို မိန့်ခွန်း ပြောခဲ့စဥ်က ၂၀၀၈ ခြေ/ဥအရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာမှုကို အချိန်ကာလ အများဆုံး ၂နှစ် ခွင့်ပြုထားသဖြင့်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု မင်းအောင်လှိုင် လူသိ ရှင်ကြား ကတိ ပေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်ရောက်လာသည့်အခါ ရွေးကောက်ပွဲ မကျင်းဘဲ ကတိ ဖျက်ခဲ့ ဖူးသည်။ မင်းအောင်လှိုင် ပြောကြားခဲ့သော မှတ်တမ်းကို “မြန်မာ့အလင်းသတင်းစာ” တွင် အောက်ပါအတိုင်း ရှာဖွေဖတ်ရှုနိုင်ပါသေးသည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ၆လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျနော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက် ပွဲအတွက် ပြင်ဆင်ချိန် ၆လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ် အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။”
မင်းအောင်လှိုင်၏ စစ်ကောင်စီသက်တမ်း (၆) လပြည့်မိန့်ခွန်းမြန်မာအလင်းသတင်းစာ၊ စာမျက်နှာ ၃၊အတွဲ ၆၀၊ အမှတ် ၃၀၃၊၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့။

၂၀၀၈ ခုနှစ် ခြေ/ဥ အရ အရေးပေါ်အခြေအနေ ကြေညာနိုင်သည့် အချိန်ကာလမှာ အများဆုံး ၂နှစ် ဖြစ်သည်ကို မင်းအောင်လှိုင် လက်ခံထားခဲ့ကြောင်း အထက်ပါပြောဆိုချက်တွင် အထင်အရှား တွေ့ရှိရသည်။ သို့သော် အဆိုပါ ၂နှစ်ကာလ ပြည့်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ခြေ/ဥ ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက် များထဲမှ “သာမန်အားဖြင့်” ဆိုသည့် စကားရပ်ကို လိုသလို ကုလားဖန်ထိုး အဓိပ္ပါယ်ဖွင့်ပြီး၊ ၎င်း၏အာဏာကို ၆လ တစ်ကြိမ် သက်တမ်းတိုးခဲ့ရာ ယခုအခါ ခြေ/ဥ က ခွင့်ပြုထားသော အရေးပေါ်ကာလသက်တမ်း၏ ၂ဆ ဖြစ်သော ၄နှစ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။  

ရွေးကောက်ပွဲ ကျင်းပမည်ဟု လူသိရှင်ကြား ပြောဆိုခဲ့ပြီးမှ မကျင်းပနိုင်ခဲ့သော ၂၀၂၃ ခုနှစ် အခြေအနေနှင့် နှိုင်းယှဥ်လျှင်၊ ၂၀၂၅ ခုနှစ်တွင် နိုင်ငံအနှံ့ အကြီးအကျယ် စစ်ရှုံးနေပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံး ထားရသော စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမည်ဟု ထပ်မံပြောဆို လာခြင်းမှာ မည်သို့မျှ ကျိုးကြောင်းဆက်စပ်၍ မရပါ။ 



သို့သော် နိုင်ငံသည် ၎င်း၏ခေါင်းဆောင်မှုအောက်တွင် အစီအစဥ်တကျ လည်ပတ်နေဟန်၊ ၎င်းချမှတ်ထားခဲ့ သော လမ်းပြမြေပုံအတိုင်း ပုံမှန်ဆောင်ရွက်နေဟန်ဖြင့် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ဂါထာကို ဟန်ကျ ပန်ကျ ရွတ်ဖတ်နေသည်၊  အိမ်နီးချင်းနိုင်ငံများကလည်း စစ်ရှုံးခေါင်းဆောင်ကို ယုံကြည်ထောက်ခံအားပေးလျက် ရှိကြသည်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇-၈ ရက်နေ့များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသို့ တတ်ရောက်လာကြသည့် အိမ်ရှင် တရုတ် နိုင်ငံ ဝန်ကြီးချုပ်နှင့်တကွ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ဝန်ကြီးချုပ်များကို မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည့် သတင်းစကားကို ပြောခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပခဲ့သော မြန်မာနှင့် အိမ်နီးချင်း ၅နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲအတွင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကလည်း ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည့် သတင်းစကားကို ပြောခဲ့သည်။ ထိုင်းနှင့် အိန္ဒိယ ကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကလည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အကူအညီ ပေးရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြဖူးသည်။      

မင်းအောင်လှိုင် ရွေးကောက်ပွဲ ကျင်းပရဲသလား

နိုင်ငံမြောက်ဖျားပိုင်း ကချင်စစ်မြေပြင်မှသည် အရှေ့မြောက်ပိုင်း တအောင်းနှင့် ကိုးကန့်စစ်မြေပြင်အထိ၊ အနောက်မြောက်ပိုင်း ချင်းစစ်မြေပြင်မှသည်၊ အနောက်ပိုင်း ရခိုင်စစ်မြေပြင်အထိ၊ အရှေ့တောင်ပိုင်း ကရင်နီစစ်မြေပြင်မှသည် ကရင်စစ်မြေပြင်အထိ၊ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း အတွင်းရှိ စစ်မြေပြင် စသည့် နေရာများတွင်  စစ်ရှုံးနေသော မင်းအောင်လှိုင်သည် လက်ရှိဖြစ်ပွားနေသော ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မကြာသေးခင် ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ပြောလာသည်။ 

မင်းအောင်လှိုင်၏ ကမ်းလှမ်းပုံမှာ (၁) အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ပြီး သိမ်းပိုက်ထားသော နယ်မြေ အားလုံးမှ ဆုတ်ခွာပေးရုံမျှမက လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ရမည်၊ (၂) ဥပဒေဘောင်အတွင်း အလင်း ဝင်ရောက်ပြီး၊ စစ်တပ်က စိတ်တိုင်းကျရေးဆွဲထားသော ဥပဒေများအတိုင်း လိုက်နာလက်ခံလျှင် နိုင်ငံရေးပါတီ ထူထောင်ခွင့်ပေးမည်၊ (၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးခဲ့ရခြင်းမျိုး နောင်မဖြစ်ပေါ်စေရန်၊ စစ်တပ်နှင့် စစ်တပ်ထောက်ခံသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ သေချာပေါက် အနိုင်ရရှိရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲစနစ်ကို လက်ခံပြီး ပြည်နယ်လွှတ်တော်အဆင့်တွင် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ပေးမည် ဖြစ်သည်။ 

ဤနည်းဖြင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ (ERO) သည် ၂၀၀၈ ခုနှစ် ခြေ/ဥအရ ပြည်နယ်လွှတ်တော်များတွင် အမတ်နေရာ အနည်းငယ်စီ ရယူနိုင်သော အခွင့်အလမ်းကို လက်ခံပြီး၊ ၎င်းတို့ လိုချင်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိုနေရာမှသာ တောင်းဆိုရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင်ပြီး တောင်းဆို၍ မရကြောင်း စသဖြင့် မင်းအောင်လှိုင်သည် ၎င်းက နိုင်ငံရေးအရ များစွာသဘောထားကြီး ခွင့်လွှတ်လိုက်လျောမှုပေး နေသယောင် ပြောဆိုနေသည်။ 

ထိုအချင်းအရာသည် ခေတ်အဆက်ဆက် အထက်စီးမှ နေချင်သော၊ အရာရာတွင် အသာစီးရမှ စေ့စပ်ညှိနှိုင်းလိုသော စစ်ခေါင်းဆောင်များ၏ ဗီဇစိတ် ဖြစ်သည်။ ERO များကို ကမ်းလှမ်းပုံမှာ မြေပြင်ပကတိ အခြေအနေ များနှင့် လွန်စွာကွဲလွဲပြီး လက်ဖျားခါယူရလောက်အောင် ရူးသွပ်မှုမျိုး မင်းအောင်လှိုင်တွင် တွေ့မြင်ရသည်။ စိတ်ရောဂါတစ်မျိုးဖြစ်သော ကိုယ့်ကိုယ်ကို အလွန်အကျွံ အထင်ကြီးခြင်း (Narcissism) စွဲကပ်နေသူတစ်ဦးနှင့် တူသည်။ 

စင်စစ် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကျင်းပရဲသော သတ္တိ ရှိပါ၏လော ဆိုသည့် မေးခွန်းမှာ ပို၍ စိတ် ဝင်စားစရာ ဖြစ်သည်။ အကြောင်းမှာ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏အနာဂတ်အတွက် သေချာသော အာမခံချက်မရှိဘဲ မည်သည့်အရာကိုမျှ စွန့်စားလုပ်ဆောင်ရဲသော သတ္တိမရှိကြပါ။ 

ထိုအချက်ကို ယခင် အာဏာရှင်ဟောင်း သန်းရွှေက သက်သေပြခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ပေါင်းများစွာ စိတ်တိုင်းကျ အသေအချာ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးကာ နိုင်ငံရေး ထွက်ပေါက် ရယူသွားခဲ့ခြင်း ဖြစ်သည်။ 

မင်းအောင်လှိုင်သည် သန်းရွှေ မဟုတ်ပါ။ ၎င်းကျူးလွန်ခဲ့သော မကောင်းမှုများက မင်းအောင်လှိုင်နောက်ကို အရိပ်လို လိုက်ပါနေသည်။ ရွေးကောက်ပွဲကြောင့် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကဲ့သို့ ကမ္ဘာ့ရာဇဝတ်ခုံရုံး၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံရခြင်းမှ လွတ်ကင်းခွင့်ပေးမည် မဟုတ်ပါ။ 

လွန်ခဲ့သော ၄နှစ် လုံးလုံး ကိုယ့်ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ခိုင်မာသော အထောက်အထားများနှင့်တကွ စနစ်တကျ မှတ်တမ်းတင်ထားပြီး၊ မင်းအောင် လှိုင်သည် ထိုကျူးလွန်မှုများမှ လွတ်မြောက်သွားလိမ့်မည် မဟုတ်ပါ။ 

ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲအဖြစ် စိတ်ကူးယဥ်နေလျှင်လည်း၊ ရုရှား၊ ဘဲလ်လာရုဇ်၊ အီရန်၊ တရုတ် စသည့် အာဏာရှင်နိုင်ငံများကလွဲလျှင် နိုင်ငံတကာအသိုက်အဝန်းက ၎င်းကို အသိအမှတ်ပြု လက်ဆွဲနှုတ်ဆက်ကြ၊ ကော်ဇောနီခင်း ကြိုဆိုဧည်ခံကြမည် မဟုတ်ပါ။ ၎င်းကျူးလွန်ခဲ့သော ရာဇဝတ်မှုများကိုလည်း မေ့ပျောက်လိုက်ကြလိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် မင်းအောင်လှိုင်သည် ရှေ့ဆက်၍ အစွမ်းကုန် မိုက်မဲဖွယ်ရှိသည်၊ နေ့စဥ်ရက်ဆက် နိုင်ငံအနှံ့က ပြည်သူများကို ဗုံးကြဲသတ်ဖြတ်လျက် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းက သက်သေဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ဆရာ အာဏာရှင်ဟောင်း သန်းရွှေကဲ့သို့ ၎င်း၏အနာဂတ်အတွက် ခိုင်မာသော အာမခံချက်ပေးနိုင်သော နိုင်ငံရေး အခင်းအကျင်းတစ်ခုကို ဖန်တီးနေခြင်းမျိုး လက်ရှိကာလတွင် လုံးဝမတွေ့ရှိရပါ။ ၎င်းအစား စစ်ရေး အရ လက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲဖြေရှင်းနည်းကိုသာ ရွေးချယ်ထားကြောင်း သိသာစေပါသည်။ အာဏာသိမ်းမှု ဆန့်ကျင်သည့် အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် နေရာတွင်  ၎င်း၏တစ်ခုတည်းသော အားသာချက်မှာ လေတပ်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ၏ ကောင်းကျိုးထက် ဆိုးပြစ်များ

လက်ရှိအခြေအနေတွင် မင်းအောင်လှိုင်သည် စစ်ရှုံးနေပြီး၊ နိုင်ငံ၏ နယ်မြေ တစ်ဝက်ကျော်တွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား ကင်းမဲ့နေချိန် နိုင်ငံအနှံ့ မဲဆန္ဒနယ်မြေ အားလုံးတွင် ပြည်သူ စိုးရိမ်ကြောင့်ကြမှု ကင်းရှင်းစွာဖြင့် ဆန္ဒမဲပေးနိုင်မည့် ရွေးကောက်ပွဲမျိုး ကျင်းပရန် လုံးဝ မဖြစ်နိုင်ပါ။ 

သို့သော် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကို သေချာပေါက် ကျင်းပနိုင်မည်ဟု အရောင်ပြလာခြင်း၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု အိမ်နီးချင်းနိုင်ငံများ၏ အစိုးရများကို တွေ့ဆုံပြီး၊ ခပ်တည်တည်ဖြင့် အာမခံ ပြောဆိုနေခြင်းသည် သံသယဖြစ်ဖွယ် အလွန်ကောင်းပါသည်။  

ဤနေရာတွင် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်စိုးမိုးထားသော နယ်မြေများတွင် ရွေးကောက်ပွဲကို တစ်စိတ် တစ်ပိုင်း ကျင်းပသွားပြီး၊ နိုင်ငံတကာအသိအမှတ်ပြု ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာရေး လုပ်သွား နိုင်သည်ဟု သုံးသပ်မှုများကိုလည်း ကြားသိလာရသည်။ ယခင်နှစ်အတွင်း ကျင်းပ၍ရသည့် နေရာများတွင် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဟု မင်းအောင်လှိုင် ပြောခဲ့ဖူးသဖြင့် ထိုအချက်အပေါ်အခြေခံပြီး သုံးသပ်ပြောဆိုနေခြင်း ဖြစ်ပါသည်။

သို့ဆိုလျှင် စစ်ကောင်စီ အပြည့်အဝထိန်းချုပ်နိုင်သော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ မကွေးနှင့် နေပြည်တော် စသည့် ဒေသများရှိ မြို့ပေါ်ရပ်ကွက်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ် ရှိသော်လည်း၊ ထိုဒေသများရှိ ကျေးလက်ဒေသ အများအပြားသည် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုနယ်မြေများ ဖြစ်နေ၍ မဲရုံဖွင့် နိုင်သော အခြေအနေပင် ရှိမည်မထင်ပါ။ 

ယခုပင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးတွင် အာရက္ခတပ်တော်၏ စစ်ရေးအောင်နိုင်မှုများကြောင့် အိမ်နီးချင်း မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများသို့ စစ်မီး စတင်ကူးစက်နေပြီ ဖြစ်သည်။ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မန္တလေးမြို့မြောက်ဖက်ရှိ စဥ့်ကူး၊ တကောင်း၊ သပိတ်ကျင်းမြို့နယ်များနှင့် မတ္တရာမြို့နယ်၏ နယ်မြေအများစု သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) များ၏ သိမ်းပိုက်ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီး ဖြစ်သည်။ 

ထို့အပြင် မန္တလေးမြို့တောင်ဖက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်များသည် PDF များ အားကောင်းပြီး မြို့ပေါ်တိုက်ပွဲများအဆင့်ထိ ဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သော မြို့နယ်များ ဖြစ်သည်။  စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ပင်လယ်ဘူး၊ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူး စသည့် မြို့များသည် NUG-PDF လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပြည်နယ်များ၏ အခြေအနေမှာ ရွေးကောက်ပွဲကျင်းပရန် ပို၍ပင် မဖြစ်နိုင်ပါ။ ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဗွေ၊ ကန်ပိုင်တည်၊ ပန်ဝါ၊ ဆော့်လော၊ ဖီမော်၊ ဆဒုံ စသည့် မြိုနယ်နှင့် မြို့များ၊ ပြည်နယ်တောင်ပိုင်း ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ မံစီ၊ လွယ်ဂျယ် စသည့် မြို့များသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်ထဲကျရောက်နေပြီး၊ တိုက်ပွဲပြင်းထန်နေသော ဗန်းမော်မြို့ပေါ် နေရာအများစုကို KIA က ထိန်းချုပ်ထားပြီ ဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခွင်လုံးတွင် မူဆယ်မြို့မှလွဲ၍ ကျန်မြို့များသည် တအောင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က သိမ်းပိုက်ထားပြီး၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန် အောင်မြို့များမှလွဲ၍ ကျန် ၁၄မြို့နယ်သည် AA လက်အောက် ကျရောက်သွားပြီ ဖြစ်သည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့ကို AA ကလည်းကောင်း၊ မင်းတပ်၊ ကန်ပလက်၊ မတူပီ မြို့များကို ချင်း ပူးပေါင်းတပ်များက လည်းကောင်း သိမ်းပိုက်ထားပြီး၊ ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ မော်ချီး၊ ရွာသစ်၊ ရှားတော၊ မိုးဗြဲ စသည့် မြို့နယ်များကို ကရင်နီပူးပေါင်းတပ်များက လည်းကောင်း၊ ကရင်ပြည်နယ်တွင် ဖာပွန်၊ ကျိုက်ဒုံ၊ သင်္ကန်းညီနောင်၊ လေးကေ့ကော် စသည့် မြို့နယ်နှင့် မြို့များကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်းကောင်း သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်သည်။ 

စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သော  မြို့များရှိ ပြည်သူတို့သည် စစ်ပွဲများ ၎င်းတို့ထံ မကြာမီ ရောက်ရှိလာနိုင်သည်ကို သိနေကြသည်၊   မန္တလေးတိုင်းအတွင်း စစ်တပ်မြို့ဖြစ်သော ပြင်ဦးလွင်မြို့ခံ များသည် နောင်ချိုနှင့် တောင်ခမ်းတိုက်ပွဲများ ၎င်းတို့ထံ ကူးစက်လာမည့်အရေး စိုးရိမ်လျက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့မှ အလုံးအရင်းထွက်ပြေးရဖူးသည်။  

ရန်ကုန်နှင့် မန္တလေးကဲ့သို့ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားသော မြို့ကြီးများ၌ပင် ရွေးကောက်ပွဲက ပါတီများ၏ မဲဆွယ်စည်းရုံးရေးနှင့် ပါတီကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် စစ်တပ်က အာမခံချက် မပေးနိုင်ပေ။ ရွေးကောက်ပွဲနေ့တွင် မြို့ပေါ်ရပ်ကွက်များ၌ လုံခြုံရေးထူထပ်စွာချ ကျင်းပနိုင်သော်လည်း၊ ကျေးရွာများအထိ စစ်တပ်က လုံခြုံရေးပေးရန် မဖြစ်နိုင်ပါ။  

ထိုအခြေအနေတွင် မင်းအောင်လှိုင် ကျင်းပမည့် တစ်စိတ်တစ်ပိုင်းရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ် ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးပြစ် များရန်သာ ရှိနေပါသည်။

စစ်ကောင်စီ ရွေးကောက်ပွဲကြောင့် နိုင်ငံပြိုကွဲနိုင်  

မြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ အာဏာသိမ်းမှုကြောင့် ဖြစ်သည်။ ထိုမျှရှင်းလင်းနေသော ပြဿနာကို တည့် တည့်ရင်ဆိုင် ဖြေရှင်းခြင်းမပြုဘဲ၊ ရွေးကောက်ပွဲသည် လက်ရှိအကျပ်အတည်း၏ထွက်ပေါက်ပမာ စစ်ကောင်စီ သည် နိုင်ငံတကာကို လှည့်စားနေပြီး၊ နိုင်ငံ၏နေရာဒေသ တစ်စိတ်တစ်ပိုင်းတွင်သာ ကျင်းပမည်ဆိုပါလျှင် နိုင်ငံတကာက စိုးရိမ်နေကြသော နိုင်ငံပြိုကွဲရေးလမ်းကြောင်းကို မြန်မြန်ဆန်ဆန် တွန်းပို့သကဲ့သို့ ဖြစ်လာပါ လိမ့်မည်။

အဆိုပါ ဖြစ်တန်ရာချေကို သုံးသပ်ရလျှင် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်သည် တစ်နိုင်ငံလုံးကို ကိုယ်စားမပြုခြင်းကြောင့်၊ ထိုရလဒ်အပေါ် အခြေခံပြီး ဖွဲ့စည်းပေါ်ပေါက်လာမည့် တစ်စိတ်တစ်ပိုင်းလွှတ်တော်နှင့် တစ်စိတ်တစ်ပိုင်းအစိုးရသည် တစ်နိုင်ငံလုံးရှိပြည်သူများကို ကိုယ်စားပြုခြင်း မရှိသဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ (State Sovereignty) ဆိုင်ရာ ကိုယ်စားပြုမှုပြဿနာ မလွှဲမသွေ ပေါ်ပေါက်လာမည် ဖြစ်သည်။

စစ်ကောင်စီ ကျင်းပမည့် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲသည် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ပြည်နယ် များတွင် ကျင်းပနိုင်မှု မရှိခြင်း၊ ထိုပြည်နယ်များတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ မရှိတော့ဘဲ၊ ERO များ၏ အုပ်ချုပ်ရေးယန္တရားများ အစားထိုးနေရာယူထားခြင်း၊ ပြည်နယ်လူထုက ထောက်ခံသော ကိုယ်ပိုင် အုပ်ချုပ်ရေး အစိုးရအသီးသီး ပေါ်ပေါက်လာနေခြင်း သို့မဟုတ် ပေါ်ပေါက်ရန် ကြိုးပမ်းနေခြင်းကြောင့် လက်ရှိ ကာလတွင် နိုင်ငံတော်မှ ခွဲထွက်ရန် ဆန္ဒမရှိကြသော်လည်း၊ ထိုအချိန်တွင် မြန်မာနိုင်ငံ ဆိုသည့် အချုပ်အခြာ အာဏာအပေါ် တိုက်ရိုက်စိန်ခေါ်သော ဖြစ်ရပ်များ ပြည်နယ်တချို့တွင် ပေါ်ပေါက်လာနိုင်ပါသည်။ 

လက်ရှိမြန်မာ့အကျပ်အတည်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက ဖြေရှင်း၍ မဖြစ်နိုင်တော့ဘဲ၊ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရ၏ တရားဝင်မှုသည် စစ်ကောင်စီထက် သာလွန်မည်ဖြစ်၍ ထိုအစိုးရသစ်လက်ထက်ရောက်မှ ဖြေရှင်းခြင်းက ဖြစ်နိုင်သည်ဟူသော တချို့ အိမ်နီးချင်းနိုင်ငံများ၏ ယူဆချက်ကို ကြားသိရသည့်အတွက် အံ့ဩမိသည်။   

ထိုအိမ်နီးချင်းနိုင်ငံများသည် မြန်မာ့နိုင်ငံရေးကို ကောင်းစွာလေ့လာသိမြင်ထားမှု လွန်စွာအားနည်းခြင်းလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွားများ စစ်ကောင်စီလက်ထဲတွင် ဆုံးရှုံးနေမှု နှင့် မရေမရာ ဖြစ်နေမှုအပေါ် ကာကွယ်ရန်၊ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့် သံတမန် ဆက်ဆံရေး ပုံမှန်ပြန်လည်အသက်သွင်းပြီး စီးပွားရေးအခွင့်အလမ်းသစ်များ ရယူရန် ကိုယ်ကျိုးစီးပွားကြည့် အခြေခံမှ စဥ်းစားနေခြင်းလော၊ အဆိုပါ အခြေအနေနှစ်ရပ်စလုံး ဖြစ်နိုင်ပါသည်။ 

ထိုရှုထောင့်မှ မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေလျှင်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် စစ်တပ်ကို တော်လှန်စစ် ဆင်နွှဲနေခြင်းအပေါ် လျော့တွက်ကြလျှင်၊ မြန်မာနိုင်င်ငံ ပြိုကွဲမှုကို မလိုလားသော အိမ်နီးချင်းနိုင်ငံများကိုယ်တိုင် ထိုလမ်းကြောင်းကို တွန်းပို့နေခြင်းသာ ဖြစ်ပေလိမ့်မည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *