ylliX - Online Advertising Network

အကျဉ်းစံထိပ်တန်းဗိုလ်ချုပ်မိုးမြင့်ထွန်းကို စီးပွားရေးလုပ်ပိုင်ခွင့်များပေးပြီး စစ်ကောင်စီချွေးသိပ် – Myanmar Now


စစ်ကောင်စီသည် ၎င်းတို့အဖွဲ့ဝင် ထိပ်တန်းစစ်ဗိုလ်ချုပ် မိုးမြင့်ထွန်းကို ရာထူးမှဖြုတ်ချပြီး အကျင့်ပျက်ခြစားမှုဖြင့် ထောင်ချထားသော်လည်း အခြားတစ်ဖက်တွင် သူ၏မိသားစုပိုင်  ကုမ္ပဏီများကို ဆောက်လုပ်ရေးတင်ဒါများ ချထားပေးပြီး ပြန်လည်ချွေးသိပ်ထားသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏နောက်လိုက် ဗိုလ်ချုပ်များကို စစ်တပ်၊ ယင်းဦးဆောင်သည့်ကောင်စီနှင့် အစိုးရအဖွဲ့စသည့် နေရာသုံးခုတွင် ခွဲဝေနေရာချထားခဲ့သည်။ စစ်ခေါင်းဆောင်၏ လူယုံဟုအများကယုံကြည်ထားသည့် အသက် ၅၇ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ထိုသုံးနေရာလုံး၏ အဆင့်မြင့်ရာထူးများရခဲ့သည်။ 

သူသည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး စီးပွားရေးအတွက်အရေးပါသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌရာထူးများရခဲ့သည်။

၂၀၂၃ စက်တင်ဘာတွင် စစ်တပ်က သူ့ကို ပြန်ဖမ်းကာ စစ်ခုံရုံးတင်ပြီးနောက် သစ္စာဖောက်မှု၊ လာဘ်စားမှုစွဲချက်များဖြင့် ထောင်ဒဏ်နှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းထောင်ကျသွားပြီးနောက် သူ၏မိသားစုပိုင် ကုမ္ပဏီများသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေဖြင့် တည်ဆောက်မည့်  အကျဉ်းဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့၏ တည်ဆောက်ရေးလုပ်ငန်များအတွက် တင်ဒါများ ဆက်လက်ရရှိခဲ့သည်။

ဗိုလ်ချုပ် မိုးမြင့်ထွန်း၏ မိသားစုပိုင်ကုမ္ပဏီများ ထဲမှ ၂ခုဖြစ်သည့် ဖြိုးပြည့်ပြည့်နှင့် ရတနာမိုးထက်အောင် တို့သည် စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့၏ ဆောက်လုပ်ရေးလုပ်ငန်း အနည်းဆုံး ၄ ခုအတွက် တင်ဒါအောင်သည်ဟု  ပြည်ထဲရေးဝန်ကြီးဌာနက ယခုဇန်နဝါရီလဆန်းပိုင်းတွင် ကြေညာခဲ့သည်။

တင်ဒါအောင်သည့် ထိုကုမ္ပဏီများတွင် ဗိုလ်ချုပ်မိုးမြင့်ထွန်း ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် ၎င်းတို့၏ သမီးသုံးဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် မရတနာမိုးမြင့်၊ ၂၆ နှစ်အရွယ် မမိုးထက်ထက်ထွန်း၊ ၂၂ နှစ်အရွယ် မခိုင်မိုးမြင့်တို့က ဒါရိုက်တာများအဖြစ်ရှိနေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။ ၎င်းတို့သည် ပင်ကံ့ကော်ကုမ္ပဏီအမည်ရ ဆေက်လုပ်ရေးကုမ္ပဏီတွင်လည်း အလားတူရာထူးများယူထားကြသည်။

ထိုကုမ္ပဏီများကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇမ္ဗူဒီပရပ်ကွက် သုံးဆယ်လမ်းနှင့် ယူကလစ်လမ်းထောင့် ရာဇသင်္ဂဟအိမ်ရာလိပ်စာဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကုမ္ပဏီများဆိုင်ရာ အချက်အလက်အသေးစိတ်ကို အများပြည်သူကြည့်ရှုခွင့် ပိတ်ပင်ထားသဖြင့် အထက်ပါ ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင် အပြောင်းအလဲနှင့် နောက်ဆုံးအချက်အလက်များကို မသိရပေ။

Myanmar Now က ရတနာမိုးထက်အောင်ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာတွင် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးတင်ဒါတို့ကို အခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်လျှောက်ထားပြီးမှ လုပ်ပိုင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း တုံ့ပြန်ဖြေဆိုသည်။

“သမားရိုးကျပါပဲ၊ ကျွန်မတို့လည်း ပုံစံအတိုင်းပဲ၊ သူများတွေ လျှောက်တဲ့အတိုင်းပဲ၊ အများသူငါအတိုင်းပဲ ဝယ်တယ်၊ အများကြီးလျှောက်တယ်၊ သူတို့ခေါ်တဲ့ တင်ဒါစာရွက်တွေလည်း ဝယ်တယ်။ ပြီးရင် ကိုယ်ဟာနဲ့ကိုယ် စဉ်းစားတယ်၊ ရွေးချယ်တယ်။ ဒါပါပဲ” ဟု ၎င်းက ပြောသည်။ 

အခြားဝန်ကြီးဌာနများ၏ တင်ဒါများကို ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်ပြီး ၎င်းက ဖြေဆိုခြင်းမရှိပါ။



အကျဉ်းကျစစ်ဗိုလ်ချုပ်မိသားစုရထားသည့် တင်ဒါလုပ်ငန်းအသေးစိတ်အချက်လက်ကို မသိရသော်လည်း အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ တင်ဒါများကို အပြင်လုပ်ငန်းရှင်များမရဟု  နေပြည်တော်မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်နွယ်သည့် ကုမ္ပဏီများကိုသာ လုပ်ပိုင်ခွင့် ချပေးလေ့ရှိကြောင်းလည်း ဌာနဆိုင်ရာတင်ဒါများ ယှဉ်ပြိုင်လုပ်ကိုင်လေ့ရှိသူ ထိုအမျိုးသားကပြောသည်။

“ပြည်ထဲရေးတင်ဒါဆိုရင် သူတို့အချင်းချင်းပဲပေးကြတာ” ဟု ၎င်းကပြောသည်။ 

ဗိုလ်ချုပ်မိုးမြင့်ထွန်း ထောင်ကျသွားသော်လည်း ၎င်းနှင့်ဆက်စပ်သည့် ပိုင်ဆိုင်မှုအကျိုးစီးပွား များစွာ ဆက်လက် လည်ပတ်နေပြီး တည်ဆောက်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းသည့် လုပ်ငန်းကို မိသားစုနှင့် ဆက်နွယ်သည့် ကုမ္ပဏီများက ဆက်လက်လုပ်ပိုင်ခွင့် ရနေသည်ဟုလည်း သူက ဆိုသည်။

“တင်ဒါလုပ်ငန်းအမျိုးအစားအရ ဆောက်လုပ်ရေးလုပ်ငန်းဆိုရင် မိုးမြင့်ထွန်း ညီအစ်ကိုမောင်နှမတွေ လုပ်တာဖြစ်နိုင်ပြီး လျှပ်စစ်လုပ်ငန်းဆိုရင် EPC ( လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း) ​​အရာရှိကလုပ်တာ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ 

နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်၊ ဧရာဝတီလမ်း၊ နေပြည်တော် ဗုဒ္ဓဂါယာသွားသည့်လမ်းအနီးတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းရယူထားသည့် မြေကွက်များစွာရှိနေကြောင်း၊  စစ်ကောင်စီက ၎င်းကို အဂတိမှုဖြင့် ထောင်ချထားသော်လည်း ထိုပိုင်ဆိုင်မှုများကို သိမ်းယူသည်ဟု မကြားမိကြောင်းလည်း သူက ထောက်ပြသည်။ 

ဗိုလ်ချုပ် မိုးမြင့်ထွန်း အဖမ်းဆီးမခံရမီ မိသားစုပိုင်ကုမ္ပဏီများ စီမံကိန်းတင်ဒါ ရရှိရေးအတွက် စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ကျောင်းဆင်း ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိနှစ်ဦးက အဓိကကြီးကြပ်ပေးခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသတင်းရင်းမြစ်က ဆိုသည်။

နေပြည်တော် ဌာနဆိုင်ရာတင်ဒါများကို စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် ကုမ္ပဏီများကသာ အများစုရနေသည်၊ ထိုအထဲတွင် စစ်ဥပဒေချုပ်ဖြစ်ခဲ့ပြီး ယခု စစ်ကောင်စီတွင် အတွင်းရေးမှူး ဖြစ်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ မိသားစုပိုင်ကုမ္ပဏီများလည်း ပါဝင်သည်ဟု နေပြည်တော်နေ တင်ဒါလုပ်ငန်းရှင်က ပြောသည်။ 

ဗိုလ်ချုပ်အောင်လင်းဒွေး၏ သားနှစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် ကိုလှိုင်ဘွားအောင်၊  ၂၈ နှစ်အရွယ် ကိုဖြိုးအာကာအောင်တို့သည် အောင်မြင့်မိုရ်လင်းနှင့် မင်္ဂလာအောင်မြေအမည်ရ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ရွှေရည်ဖြိုးပြည့် ကုန်ထုတ်လုပ်ငန်းကိုလည်း ထူထောင်ထားသည်။

ဗိုလ်ချုပ်အောင်လင်းဒွေး၏ဇနီး ဒေါ်ဥမ္မာမြင့်လည်း မင်္ဂလာအောင်မြေကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ပါဝင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။

“လမ်းတံတားကျတော့ အောင်လင်းဒွေးတို့က ကိုယ်တိုင်လုပ်ကြတာ။ သူ့ သားသမီးတွေကလည်း မြို့ပြအင်ဂျင်နီယာတွေ” ဟု အထက်ပါ တင်ဒါလုပ်ငန်းရှင်က ပြောသည်။

“(ဇေယျာသီရိမြို့နယ်ရှိ) သိုက်ချောင်းလမ်းဆုံနားက Batching plant (ကွန်ကရစ်ဖျော်စက်လုပ်ငန်း) က သူတို့ဟာ။  လျှပ်စစ်လုပ်ငန်းကတော့ တခြားလုပ်တတ်တဲ့သူတွေကို လုပ်ခိုင်းပြီး သူတို့က အမြတ်ပဲယူတာ”

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အမေရိကန်နှင့် အနောက်နိုင်ငံအချို့က စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုပိုင်ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူထားသည်။

ထိုအခြေအနေတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကုမ္ပဏီများမှာ ၎င်းတို့ထိန်းချုပ်နယ်မြေ နေပြည်တော်တွင် လုပ်ငန်းများချဲ့ထွင်လာနေသည်။

ခေတ်အဆက်ဆက် လက်နက်အားကိုးဖြင့် နိုင်ငံအာဏာ ရယူသည့်အဓိကအကြောင်းရင်းမှာ စစ်ခေါင်းဆောင်များ ကိုယ်ကျိုးစီးပွားကာကွယ်ရန်နှင့် ထူထောင်ချဲ့ထွင်ရန်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဝေဖန်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *