နေပြည်တော်၊ ဇန်နဝါရီ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိသည်။
(၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက Avani+ Riverside Bangkok Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Paetongtarn Shinawatra က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ခေတ်တွင် အွန်လိုင်းလိမ်လည်မှုများ များပြားလာလျက်ရှိပြီး ပြည်သူများအတွက် ဆိုးရွားသောအန္တရာယ်များဖြစ်စေသည့်အပေါ် စိုးရိမ်ကြောင်းနှင့် အဆိုပါကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေသတွင်းအတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် လူမှုအသိုင်းအဝိုင်း၏ ယုံကြည်မှုကိုထိခိုက်စေသည့် သတင်းတု၊ သတင်းအမှားများကို ကာကွယ်တိုက်ဖျက်ရေးအတွက် အာဆီယံတွင်း အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်နှင့် ပြည်သူများ၏ ဒစ်ဂျစ်တယ်အသိပညာ မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ယနေ့ခေတ်တွင် Artificial Intelligent (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အာဆီယံအနေဖြင့် AI နည်းပညာကို ဒေသတွင်းအကျိုးအတွက် အပြည့်အဝအသုံးချနိုင်စေရေး အားလုံးပါဝင်ပြီး တာဝန်ယူမှုရှိသော နည်းလမ်းများဖြင့် ကျင့်သုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
(၅) ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးကို မျက်နှာစုံညီပုံစံဖြင့်ပြုလုပ်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး H.E. Prasert Jantara-ruangtong က သဘာပတိအဖြစ်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung က ဒုတိယသဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ကြီးများက အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ လုံခြုံမှု၊ တီထွင်ဆန်းသစ်မှု၊ အားလုံးပါဝင်နိုင်မှုဟူသည့် အခြေခံသဘောတရားများနှင့်အညီ အာဆီယံ၏ ဒစ်ဂျစ်တယ်အနာဂတ်ကိုဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းအတွက် ဆောင်ရွက်ရာတွင် လုံခြုံမှု၊ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်နိုင်မှုဟူသည့် မူများအပေါ် အခြေခံပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသူများက ယုံကြည်မှုမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာတွင် အင်တာနက်နှင့် ချိတ်ဆက်အသုံးပြုနိုင်မှုကိုသာရည်မှန်းပြီး ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် digital literacy အစီအစဉ်များကိုလည်း အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်း၊ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများကို အတည်ပြုခြင်း၊ စီမံကိန်းများအတွက် ဘဏ္ဍာငွေအတည်ပြုခြင်း၊ online scam တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးမြှင့်တင်ရေး၊ အေအိုင်ဖွံ့ဖြိုးတိုးတက်မှု စနစ်တကျဖြစ်စေရေး စသည့်အကြောင်းအရာများတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ဇန်နဝါရီ ၁၆ ရက်ညပိုင်းက ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် Capella Bangkok Hotel ၌ ထိုင်းနိုင်ငံအစိုးရမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် ASEAN Digital Awards 2025 ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း အာဆီယံဝန်ကြီးများသည် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် International Telecommunication Union (ITU) တို့နှင့် Dialogue partners meeting အဖြစ် သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး ဗန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်း (Bangkok Digital Declaration) ကို အတည်ပြုထုတ်ပြန်ခဲ့ပြီး အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် 5th ASEAN Digital Ministers’ Meeting ၏ press conference ပြုလုပ်၍ ပိတ်သိမ်းခဲ့သည်။
ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် Anantara Riverside Bangkok Resort ၏ Ballroom ၌ ကျင်းပပြုလုပ်သည့် China-ASEAN Digital Ecosystem Cooperation Forum သို့တက်ရောက်ပြီး နည်းပညာအသစ်များ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်းကောင်း ဆွေးနွေးခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် Ministry of Digital Economy and Society ဝန်ကြီးဌာန ဝန်ကြီး H.E. Prasert Jantararuangtong နှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၇ ရက်က ဗီယက်နမ်နိုင်ငံ Information and Communications ဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး သတင်းအချက်အလက်ဖလှယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
(၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံနှင့်အတူ တီမောလက်စတေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်တို့မှ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်ရှိသူများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန