အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ နယ်စပ်မှာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုးအကာအရံတွေနဲ့ ပိတ်ပင်တားဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ဘုရားသုံးဆူမြို့က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်ပေါက်နေရာကို ထိုင်းနိုင်ငံဘက်က သံဆူးကြိုတွေနဲ့ ခုရက်ပိုင်းအတွင်း ပြန်ကာလိုက်တာပါ၊ ဒါပေမဲ့ အသွားအလာတော့ ပုံမှန်ဆက်ရှိနေတဲ့အကြောင်း လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတဦးက ခုလို ပြောပါတယ်။
“ခါတိုင်းလိုဘဲ ပုံမှန်ပေါ့ ထိုင်းနိုင်ငံနယ်စပ်တလျှောက် အကုန်လုံးပြန်ကာတာပေ့ါ အဲ့ပုံစံမျိုး။ ကျနော်တို့ ဒီ ၂၀၁၉ ကိုဗစ်ဖြစ်ကတည်းက (သံဆူးကြိုး)ရှိတာ၊ ရှိပေးမယ့်လည်း အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ရောဂါတွေဖြစ် ကင်းလာပြီး နောက်ပြီးတော့ နှစ်နိုင်ငံအနေနဲ့ နာလည်မှုနဲ့ဘဲ အဲ့ဒီသံဆူးကြိုးကြားကနေဘဲ သွားလာနေကြတာပေါ့။ ဒါပေမယ့် (ခု)သွားလာတာတော့ ပုံမှန်ဘဲ သွားလာနေကြတာပဲ။”
နှစ်နိုင်ငံကြား သံဆူကြိုးတွေကြားကပဲ ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်တဲ့ စက်ရုံအလုပ်သမား၊ ဈေးရောင်းဝယ်သူတွေက ဝင်ထွက်သွားလာနေကြတာပါ။
ဒီရက်ပိုင်း တရားမဝင်နယ်စပ် ဖြတ်ကျော်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ခပ်စိတ်စိတ် ဖမ်းဆီးမိတာ၊ မူးယစ်းဆေးဝါး ဖမ်းမိတာအပြင် အခုနောက်ပိုင်း ဘုရားသုံးဆူဒေသထဲ တရုတ်လောင်းကစားရုံနဲ့ ကျားဖြန့်လုပ်ငန်းတွေ ပြောင်းရွှေ့လာတာကြောင့် ထိုင်းနိုင်ငံဘက်က လုံခြုံရေး တင်းကြပ်လာတာလို့ ယူဆကြောင်း ဘုရားသုံးမြို့ခံတွေ
က ပြောဆိုကြပါတယ်။
နောက်ထပ် ဘူရားသုံးဆူ မြို့ခံတဦးကလည်း VOA ကို ခုလို ပြောပါတယ်။
Act 2 “(ထိုင်းက)သူတို့ဖွင့်တဲ့ အပေါက်တွေရှိတယ်ပေါ့၊ ကျောင်းဂိတ်အပေါက်တစ်ပေါက်ရှိမယ်။ ဒီဘက် ရဲစခန်းဘက်ခြမ်း အပေါက်တစ်ပေါက်ရှိမယ်။ အဲ့နှစ်ပေါက်ဘဲ ရှိမှာပေါ့၊ ကျန်တဲ့ အပေါက်တွေ ဒီထိုင်းနဲ့ မြန်မာဘက်ကို လာလို့ရတဲ့ အပေါက်မှန်သမျှအကုန်လုံး ပိတ်လိုက်ကာတယ်ပေါ့။ (ဘာကြောင့်သံဆူးကြိုးကာတာလဲဆိုတော့) ဒီရက်ပိုင်း ကျားဖြန့်ကိစ္စတွေ ပါမယ်၊ ဒီမူးယစ်ဆေးဝါးဖမ်းမိတာတွေ ပါမယ်။ (သုံးဆူမှာ)တရုတ်တွေ သိသိသာသာများလာတာက ဒီ မြဝတီကို တော်လှန်ရေးအဖွဲ့က ဝင်တိုက်တာ စပြီးနောက်ပိုင်းမှ ရွှေကုက္ကိုက တရုတ်တွက DKBA နဲ့ ညှိပြီး ဒီဘက်ခြမ်းကို လုပ်ကြတာပေါ့။”
မဲဆောက်တဘက်ကမ်း မြဝတီမြို့ အနီးနား တဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တရုတ်နိုင်ငံသားတချို့ ဘုရားသုံးဆူဒေသထဲကို ပြောင်းရွေ့လာခဲ့ပါတယ်။
မြေကွက်တွေ ဈေးကြီးပေးဝယ်ပြီး အဆောက်အဦးသစ် ဆောက်လုပ်နေတာကြောင့် ကျားဖြန့်နဲ့ ကာစီနိုလုပ်ငန်းတွေ ပြောင်းရွှေ့ အခြေချလာတယ်လို့ မြို့ခံတချို့က ဗွီအိုအေကို ပြောပါတယ်။
“ထူးခြားတာက ကျားဖြန့်ဂိုဏ်းတွေကို DKBA က အကာအကွယ်ပေးထားတယ်။ သေနတ်တွေ သေနတ်လည်း လုပ်ကိုင်ခွင့်ပြုထားတယ်၊ DKBA က ခွင့်ပြုထားတယ်၊ DKBA က ပေးကိုင်နေတာ။ လောင်းကစားရုံတွေ ပေါ်လာတယ်၊ KTV တွေ မာလတ်တွေ အဲ့ဒါတွေ ပေါ်လာတယ်။ (တရုတ်တွေ)သိသိသာသာများလာတယ်၊ တမြို့လုံး တရုတ်တွေနဲ့ ပြည့်နေတယ်၊ ကားတွေ တရုတ်ကားတွေ့ရင် လမ်းဘေးချရပ် အဖွဲ့အစည်းကားတွေ့ရပ်ရင် လမ်းဘေးချရပ်ရတယ်၊ နောက်ပြီးတော့ ယာဉ်တိုက်မှုဖြစ်မှာ ကြောက်နေရတယ် အဲ့လိုဖြစ်နေတာ စောက်ရမ်းတွေ မောင်းတာ ကားတွေက၊ တလောက တရုတ်တစ်ယောက်က ကားနဲ့ ဆိုင်နဲ့ တိုက်မိတာ ကားပေါ်တောင်မဆင်းဘူး ပိုက်ဆံ ပစ်ချပြီးတော့ ကားတင်မောင်းထွက်သွားတာ။”
အခုလို တရုတ်နိုင်ငံသားတွေ ဘုရားသုံးဆူနယ်ထဲကို ရောက်လာပြီးနောက်ပိုင်း မြေနေရာဌားရမ်းတာ၊ ဝယ်ယူတာတွေ များလာသလို မြေဈေးနဲ့ အိမ်ငှားခတွေ မြင့်တကလာပြီး တချိန်တည်းမှာ ယာဉ်တိုက်မှု၊ ခိုးဆိုးလုယူမှု စတဲ့ ရာဇဝတ်မှုတွေ ပိုမိုများပြားလာတယ်လို့ ဘုရားသုံးဆူမြို့ခံတွေက ပြောဆိုပါတယ်။ ဒီရက်ပိုင်း တရုတ်နိုင်ငံသားတချို့ကို ထိုင်း မြန်မာနယ်စပ်မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက ဖျားယောင်းပြီး အဓမ္မစေခိုင်းတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ဘုရားသုံးဆူဒေသအပါအဝင် နယ်စပ်နေရာတချို့မှာ ထိုင်းစစ်တပ်က CCTV လုံခြုံရေးကင်မရာတွေ တပ်ထားသလို၊ နယ်စပ် တရားမဝင် အဝင်အထွက် နေရာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးလာတာဖြစ်ပါတယ်။