တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ “ဝ” ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀)ရက်စွဲနှင့် ထုတ်ပြန်လာသည်။
ကိုးကန့်ဒေသနှင့် “ဝ” ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက် တရုတ်က ပိတ်ထားသည့် နယ်စပ်ဂိတ်အချို့ကို ယနေ့ပြန်လည်ဖွင့်ပေးခဲ့သလို ကုန်စည်စီးဆင်းမှုများ ပြန်စနေပြီဖြစ်ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှလည်း သိရသည်။
MNDAA မှ လားရှိုးကို ထိန်းချုပ်ထားချိန်မှစတင်၍ တရုတ်က ကိုးကန့်နှင့် ” ဝ” ဘက်ရှိ နယ်စပ်ဂိတ်အချို့ကို ပိတ်ခဲ့ပြီး ကုန်စည်စီးဆင်းခွင့် တားမြစ်ခဲ့ပြီး ဖိအားပေးသည့်သဘော ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – UWSA/UWSP (သတင်းနဲ့ပြန်ကြားရေး ဟိုပန်)