“ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန်ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံကကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(Media Press Room)၌ ကျင်းပခဲ့သည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ်ကိုတန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များရှိပြီး နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်အညီ သိက္ခာရှိရှိနေထိုင်သွားကြရန်လိုအပ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများနှင့်ဆက်စပ်လုပ်ဆောင်ရာတွင် Communication Skill များ ကောင်းရန်လိုအပ်ပါကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိရန်နှင့် အားလပ်ချိန်များတွင် နည်းပညာများကို စိတ်ပါဝင်စားစွာဖြင့် ရှာဖွေလေ့လာသင်ယူကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံအတွက် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သူများဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်း အရည်အသွေးမြင့်မားစေရန်နှင့်အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုအပ်ပြီး လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို မြဲမြံစွာစောင့်ထိန်းပြီး နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းအခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာနမှ ဦးစည်သူထွန်း(ဒုတိယညွှန်ကြားရေးမှူး)က Moderator အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ဒေါ်ရွှေရည်ဇော်(ရုံးအကူ)က ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဦးအောင်ပြည့်ဖြိုး (ဒုတိယဦးစီးမှူး)က “ ဝန်ထမ်းများအသိပညာတိုးပွားဖို့ နည်းပညာကိုအသုံးချစို့” ခေါင်းစဉ်ဖြင့် Social Media နှင့် Digital Platform အသုံးပြု၍ လေ့လာသင်ယူခြင်းကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ဒေါ်ခင်မာကြည် (အငယ်တန်းစာရေး)က လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရန် Communication Skill ၏ အရေးပါမှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန (မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတွဲဖက်)ဦးအောင်မြတ်ကိုကို (နည်းပြ/နည်းစနစ်မှူး)က ပြည်ပသို့ ပညာတော်သင် သွားရောက်သင်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည့်ကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းအခမ်းအနားတွင်ပါဝင်ဆွေးနွေးပေးခဲ့သည့် Moderator(၁)ဦး၊ Panellists (၄)ဦးနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုနိုင်သူများကို တာဝန်ရှိပုဂ္ဂိုလ်များက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။