(၂၂-၁-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးအောင်စိုးဝင်းသည် ပူထရာဂျာယာမြို့၊ ပူထရာဂျာယာကွန်ဗင်းရှင်းစင်တာ၌ ၂၀-၁-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှဒေသ နိုင်ငံတကာအဆင့် လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dato’ Seri Dr. Ahmad Zahid bin Hamidi က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးများနှင့် ပြပွဲသို့ အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ပြည်ထဲရေး ဝန်ကြီးများ၊ ရဲချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် လုံခြုံရေးဆိုင်ရာကုမ္ပဏီများ တက်ရောက်ခဲ့ ပြီး ရဲဗိုလ်ချုပ် တင်ကိုကို၊ ဒုတိယရဲချုပ် (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးနှင့် ပြပွဲအား အာရှဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အဓိကပြပွဲအခမ်းအနားတစ်ရပ်ဖြစ်လာစေရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များ ညှိနှိုင်းဖော်ဆောင်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် နည်းဗျူဟာများ ဆွေးနွေးဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တော်ဝင်ရဲတပ်ဖွဲတို့က ပူးပေါင်းကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရထိပ်ပိုင်းခေါင်း ဆောင်များနှင့် လုံခြုံရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များ စုစည်းတွေ့ဆုံပြီး ပိုမိုစိတ်ချလုံခြုံသည့် ကမ္ဘာကြီးဖြစ်စေရန် ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
*********************************