ylliX - Online Advertising Network
ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  လူမျိုးစုတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားကြောင်း AA ဝန်ခံ

ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  လူမျိုးစုတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားကြောင်း AA ဝန်ခံ





ရခိုင်ပြည်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒိုင်းနက်နဲ့ မြိုလူမျိုးစုတွေကို ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ  စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတာ ဟုတ်မှန်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝန်ခံထားပါတယ်။

 

မျိုးနွယ်စုတွေကို စစ်သင်တန်းပေးခြင်းဟာ ဒေသခံတွေရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ပေးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရသူက CJ Platform ကို ပြောပါတယ်။

 

“ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒီ မွတ်ဆလင်အစွန်းရောက် အဖွဲ့တွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေကို တောက်လျှောက်ခြိမ်းခြောက်လျက်ရှိသလို ဒေသခံတွေ မကြာမကြာ သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒီအကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ ဒီ လုံခြုံရေးသတိရှိဖို့ သူတို့ရဲ့ ကျေးရွာကို သူတို့ကိုယ်တို င်ကာကွယ်နိုင်ဖို့ အရေးကြီးလာတဲ့ အချိန်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ဒေသခံတွေကို အခြေခံလုံခြုံရေး အသိပညာပေး သင်တန်းတွေ ကျွန်တော်တို့ ပေးနေတာရှိပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် လိုအပ်လို့ ကျွန်တော်တို့ လုပ်ပေးနေရတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

 

မွတ်ဆလင် လက်နက်ကိုင်တချို့ဟာ မောင်တောမြို့ရဲ့ နတ်မြစ်တစ်ဘက်ကမ်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ မွတ်ဆလင်ထောင်ပေါင်းများစွာကို စုစည်းပြီး ရခိုင်ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဦးခိုင်သုက ဆက်ပြောပါတယ်။

 

“ဒါ့ကြောင့် အုပ်ချုပ်သူအစိုးရ တစ်ရပ်အနေနဲ့ လုံခြုံရေးလိုအပ်ချက်အရ လုပ်သင့်တာကို လုပ်နေတာဖြစ်ပါတယ်။ ဒီဟာကို အားလုံးကနေပြီးတော့မှ နိုင်ငံသားကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ မောင်တောနဲ့ ဘူးသီးတောင်မြိုတို့ရဲ့ ကိုင်းကြီး၊ သီဟိုအေး၊ နန်းရာကိုင်း၊ ခွဆုံ၊ သစ်တုံးနားခွဆုံ၊ ရွှေထိုင်နဲ့ လေးမြိုကေသီ စတဲ့ ကျေးရွာတွေက အသက် ၁၃ နှစ်ကနေ ၅၀ နှစ် အတွင်းရှိ မြိုအမျိုးသား ၁၀၀ ခန့်ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ CJ Platform က မေးမြန်းရာမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတာမရှိဘူးလို့ AA ပြောခွင့်ရ ဦးခိုင်သုခက အခုလို တုံ့ပြန်ပြောဆိုလာပါတယ်။

 

“ဒီဟာကတော့ မတရားစွပ်စွဲချက်တွေပါပဲ။ အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်သင်တန်းပေးဖို့ ခေါ်တာလုံးဝမရှိပါဘူး”လို့ ပြောပါတယ်။

 

AA တပ်ဖွဲ့ဝင်တချို့ဟာ မောင်တောမြို့က မြိုလူမျိုးတွေကို လာရောက်ခေါ်ဆောင်ချိန်မှာ အသာတကြည် ခေါ်ဆောင်လို့မရပါက ရတဲ့နည်းနဲ့ တောင်းယူမယ်ဆိုပြီး အိမ်ပေါ်ထိတက်ရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မောင်တောဒေသခံ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်က ရခိုင်တစ်ယောက်ဖြစ်ပြီးတော့ ဘာကြောင့် မြိုတွေဘက်က ရပ်တည်ပြီး ပြောရတာလဲဆိုတော့ နဂိုကတည်းက ခွဲခြားဆက်ဆံမှုတွေ လုပ်ခဲ့ကြတယ်။ အခုလည်း ထပ်ပြီး ဒီလိုမျိုး အနိုင်ကျင့်နေဦးမယ် ဆိုလို့ရှိရင် သူတို့ကလည်း လက်နက်အားကိုးလာမှာပဲဗျ။ လက်နက်ကိုင်ပြီး တော်လှန်တော့မှာပဲ။ ဒါဆို ရခိုင်ပြည်အတွင်းမှာပဲ မြိုလက်နက်ကိုင်အဖွဲ့တို့၊ သက်လက်နက်ကိုင်အဖွဲ့တို့၊ ခမီလက်နက်ကိုင်အဖွဲ့တို့ ဆိုပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ အသီးသီးပေါ်လာတော့မှာ။ ဒါဆို ဒီပြည်နယ် ဘယ်တော့မှ အေးချမ်းတော့မှာ မဟုတ်တော့ဘူး။ ကျွန်တော်ကတော့ ဒီလိုမဖြစ်စေချင်တဲ့အတွက်မို့လို့ အမုန်းခံပြီး ပြောရတာပါ”လို့ သူက ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို AA က သိမ်းပိုက်ထားပေမဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံရမှုတွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

 

ရခိုင်ပြည်အတွင်း မြို့ပေါင်း ၁၄ မြို့ထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA အနေနဲ့ မွတ်ဆလင် လက်နက်ကိုင်တချို့ လှုပ်ရှားမှုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ လုံခြုံရေးတိုးမြှင့်ထားပြီး လူမျိုးစုတွေအကြား လူမှုသဟဇာတဖြစ်ရေး၊ မိုင်းနဲ့ လုံခြုံရေးသတိပေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- ULA/AA

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *