အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် ထိုတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဝန်ခံလိုက်ပြီး နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သုံ့ပန်းအချို့ကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီးနောက် AA ၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ယခု ပေါက်ကြားလာသည် ရုပ်သံမှတ်တမ်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို တိုက်ခိုက်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
AA တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်စားချေသည့်ပုံစံ ပြုမူခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စတွင် ပါဝင်သူများအားလုံးကို အရေးယူအပြစ်ပေးထားပြီး အလားတူဖြစ်ရပ်မျိုးမဖြစ်ရန် ထိန်းကျောင်းသွားမည်ဟု ၎င်းက ပြောသည်။
“အဲဒီအချိန်က သူတို့ရဲ့ (AA တပ်ဖွဲ့ဝင်များ၏) မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာအကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံမျိုးနဲ့ စစ်စည်းကမ်း ချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီကိစ္စဟာ ကျွန်တော်တို့ ရဲ့ မူဝါဒနဲ့ လုံးဝဆန့်ကျင်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့သတ်ဖြတ်မှုမျိုးကို ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး။ ကျူးလွန်တဲ့သူ ဟူသမျှကိုလည်းပဲ အရေးယူ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်ေတာ်တို့အနေနဲ့ကတော့ ဒီလိုကိစ္စမျိုး နောက်ထပ် မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီးတော့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”
အပြစ်ပေးခံရသူ အရေအတွက်နှင့် မည်ကဲ့သို့အပြစ်ပေးထားသည်ကို မသိရပေ။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ၂ မိနစ်ကျော် ရုပ်သံ၂ ခု တွင် ဒူးထောက်နေသော သုံ့ပန်း ၂ ဦးနှင့် ၎င်းတို့အနီးတွင် ဓားရှည်များ၊ လက်နက်များ ကိုင်ဆောင်ထားကြသူတို့က ရခိုင်ဘာသာဖြင့် ပြောဆိုနေကြသည်ကို တွေ့ရသည်။
သုံ့ပန်း ၂ ဦးကို ဓားဖြင့်ထိုး၊ ကန်ကျောက်ပြီး လည်လှီးသတ်ခဲ့ကြပုံ၊ AA တပ်မှူးက သတ်ဖြတ်ခွင့်ပြုထားကြောင်း ပြောဆိုနေသည်များ ပါဝင်သည်။
ထိုရုပ်သံဖိုင်များ ပေါ်ထွက်လာပြီးနောက် ရခိုင်ပြည်နယ်အတွင်း AA ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင် စုံစမ်းစစ်ဆေးသင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Fortify Rights က ယမန်နေ့ (ဇန်နဝါရီ ၂၃) က ထုတ်ပြန်ခဲ့သည်။
“ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာ ကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန်ရှိသူ များကို တရားစွဲဆိုသင့်ပါတယ်” ဟု Fortify Rights လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံက ဆိုသည်။
ကွပ်မျက်ခြင်းများ ဖြစ်ပွားခဲ့နိုင်ခြေရှိနေသည့် ပေါက်ကြားထားသော ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာ ထိုမှတ်တမ်းများ စစ်မှန်မှုရှိနေကြောင်း Fortify Rights က ယုံကြည်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ် ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောသည်။
ထိုစဉ်ကာလတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် အခြေစိုက်သော စကခ-၉ ၏ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို ၂၀၂၄ ဇန်နဝါရီ လဆန်းမှ ဖေဖော်ဝါရီ ၇ ရက်အထိ တိုက်ပွဲများအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၅၃၉၊ မင်းပြားအခြေစိုက် ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁၊ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းတို့ ဖြစ်ကြသည်။
ထိုနှစ်ကုန်ပိုင်းက ကျောက်တော်မြို့အခြေစိုက် ခမရ ၃ ခုကို AA က တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုး ပမ်းနေသောကာလများဖြစ်သည်။
ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသော စစ်သုံ့ပန်း ၂ ဦးသည် ထိုတိုက်ပွဲများမှ ဖမ်းဆီးရမိလာသူများဟု ယူဆရသည်။
ထိုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည့်တိုင် AA သည် ထောင်ချီသော စစ်သုံ့ပန်းများကို စောင့်ရှောက်ထားသည်ဟု ဦးခိုင်သုခက ဆိုသည်။
“ဒီကိစ္စတစ်ခုတည်းကို ကြည့်ပြီးတော့ ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားတာကို မမေ့ဖို့လိုပါတယ်။ မြင်အောင်ကြည့်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာအခြေစိုက် ခြေမြန်တပ်ရင်း (၅၃၉) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် AA ထံ လက်နက်ချခဲ့ကြပြီး လူရာချီ အလံဖြူ ထောင်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သေးသည်။
AA သည် ထိုစစ်သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရ ရန်သူ့စစ်သားများကို AA ဆေးဝန်ထမ်းများက ဆေးကုသပေးနေသည့် ရုပ်သံများကိုလည်း ထုတ်ပြန်ခဲ့သည်။
၂၀၂၀ မတ်လ ၁၃ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် တင်းမကြီးရွာနှင့် တင်းမသစ်ရွာမှ ဒေသခံ ၁၈ ဦးကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဦးခိုင်သုခက ထောက်ပြပြောဆိုသည်။
သို့သော် AA တပ်ဖွဲ့ဝင်များကိုမူ စစ်သည်တော်ကျင့်ဝတ်နှင့် လူ့အခွင့်အရေးသင်ခန်းစာများကို စစ်သင်တန်းများတွင် ပို့ချပေးနေပြီး စစ်မြေပြင်တွင်လည်း တိတိကျကျလိုက်နာရန် ညွှန်ကြားထားသည်ဟုလည်း သူက ပြောသည်။
“သင်တန်းမှာကတည်းက စနစ်တကျ ပို့ချထားတာ ရှိသလို စစ်မြေပြင်မှာလည်းပဲ လိုက်နာ လုပ်ဆောင်ဖို့အတွက် အတိအကျ ညွှန်ကြားထားတာရှိပါတယ်။ အကောင်းဆုံးလည်းပဲ လိုက်နာ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ရေး နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ စစ်ပွဲကာလ အခြေအနေများသည် ကိုင်တွယ်ရန် ခက်ခဲကြောင်း မှတ်ချက်ပြုသည်။
“သုံ့ပန်းမူဝါဒနဲ့ပတ်သက်လို့ သေသေချာချာသဘောပေါက် နားလည်အောင် ကြိုတင်ပြီးတော့ ပညာပေး၊ ဆွေးနွေးပြီးတော့ ထိန်းကျောင်းဖို့လိုတာပေါ့။ ဒါပေမဲ့ စစ်ပွဲဆိုတော့ ခက်တာပေါ့။ စစ်ပွဲဆိုတာ အဲဒီလိုစဥ်းစားဆင်ခြင်နိုင်တဲ့အခြေအနေ၊ တချို့သောအခြေ အနေမှာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
“ဘာလို့လဲဆိုတော့ ကျည်ဆန်တွေ၊ ဗုံးတွေပေါက်ကွဲနေတဲ့အနေအထား။ အဲဒီလိုအနေအထားမှာ ကိုယ့်လူတွေလည်း ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာတဲ့အခါကျတော့ ဒီလိုပဲတုံ့ပြန်လိုက်ချင်တဲ့ စိတ်သဘောထားက ရှိတတ်ပါတယ်”
၂၀၂၄ နှစ်ကုန်ပိုင်းကလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့က သုံ့ပန်းကို ခေါင်းဖြတ်သတ်မှု ၂ ခု ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။
လက်နက်ကိုင်အဖွဲ့တစ်ခုက မကွေးတိုင်းအတွင်း ကျုးလွန်ခဲ့မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့က မွန်ပြည်နယ်တွင် ကျူးလွန်ခဲ့မှုတို့ ဖြစ်ကြသည်။
NUG က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည့် အကျဉ်းသား ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်တွင် သုံ့ပန်းနှင့် စစ်အကျဉ်းသားများကို လူသားဆန်စွာ ပြုမူဆက်ဆံရန်၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများ မလုပ်ရန် ပြဋ္ဌာန်းထားသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်တွင် အရပ်သားများကို ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကနဦးတွင် စစ်ကောင်စီတပ်ဘက်က သုံ့ပန်းရရှိမှု များပြားခဲ့သည်။ တချို့မှာ ထောင်တွင်း ကြိုးပေးကွပ်မျက်ခံရပြီး အများစုမှာ ဖမ်းမိသည့်နေရာတွင်ပင် သတ်ဖြတ်ခံရသည်။
နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ အကြီးအကျယ်ထိုးစစ်ဆင်သဖြင့် စစ်ကောင်စီတပ် အထိနာပြီး စစ်သားအများအပြား လက်နက်ချနေသည်ကို တွေ့ရသည်။