ဝါဇီငွေစက္ကူထုတ်စက်ရုံဟုလူသိများသည့် မကွေးတိုင်း၊ ချောက်မြို့အနီးမှ စစ်ကောင်စီ၏
လုံခြုံရေးနှင့် ဆိုင်သောပုံနှိပ်လုပ်ငန်းစက်ရုံ (လ.န.စ)ကို ဇန်နဝါရီ ၁၉ တွင် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးအခြေစိုက်တော်လှန်ရေးတပ်များ အတည်ပြုခဲ့သည်။
ဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်များထုတ်လုပ်သည့် လက်လုပ်ရော့ကတ် ၁၇ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံထဲသို့ ၁၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
စစ်တပ်ဘက်က ၆၀ မမ ဗုံးသီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းတို့ကဆိုသည်။
တိုက်ခိုက်မှုကို ၎င်တို့၏ဒရုန်းလက်ရုံးတပ်ဖြစ်သည့် သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်းမှ တပ်ခွဲ (၃) နှင့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှ တပ်ခွဲ (၁) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအောက်မှ တပ်ဖွဲ့များဖြစ်ကြသည့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေး-ပကဖ) ကထုတ်ပြန်သည်။
မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးအတွင်း ဝါဇီငွေစက္ကူစက်ရုံကိုလည် ရော့ကတ်များ၊ ဒရုန်းအသုံးပြုကြီး ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု မကွေး-ပကဖ ၏ရဲဘော်တစ်ဦးက Myanmar Now ကိုပြောသည်။
“အရင်နှစ်တွေကတော့ အခုလို တိုက်ခိုက်ခံရရင်(စစ်တပ်က) စစ်ကြောင်းထိုးပြီး နယ်မြေရှင်းတာမျိုး လုပ်ဆောင်တတ်ပေမယ့် ယခုအကြိမ်မှာတော့ စစ်ကြောင်းထိုးလာတာမျိုး မရှိသေးပါဘူး။ ထိခိုက် ပျက်စီးစာရင်းကတော့ အတိအကျ မသိရသေးပါဘူး” ဟု သူကပြောသည်။
ငွေစက္ကူထုတ်စက်ရုံတိုက်ခိုက်ခံရမှုအတွက် စစ်ကောင်စီသတင်းထုတ်ပြန်ရေးဘက်က ဇန်နဝါရီ ၂၄ ညနေပိုင်းအထိ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါ။
“နေပြည်တော်တို့ ပြင်ဦးလွင်တို့က စကစ ရဲ့ အသည်းနှလုံး အညွန့်ဆိုရင် ကျွန်တော်တို့ မကွေးတိုင်းထဲမှာ ရှိနေတဲ့ ကပစတွေ၊ စက်ရုံတွေက စကစရဲ့ ရေသောက်မြစ်ပါ။ အညွန့်ဘယ်လောက်ချိုးနိုင်ချိုးနိုင် စကစရဲ့ ရေသောက်မြစ်ကို မဖြတ်နိုင်သရွေ့ ရန်သူက ပြန်လည်စုဖွဲ့ ခုခံနေဦးမှာပါပဲ” ဟု အထက်ပါ မကွေး-ပကဖ၏ရဲဘော်ကပြောသည်။
ထို့ကြောင့် စစ်ရေးအသာစီးရရန် ထိုစက်ရုံများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သူကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ငွေစက္ကူကုန်ကြမ်းပြတ်တောက်ခြင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် ဝါဇီစက်ရုံမှာ ပုံမှန်မလည်ပတ်နိုင်ခဲ့ပေ။ စစ်ကောင်စီက ရုရှား သို့မဟုတ် တရုတ်အကူအညီဖြင့် ငွေစက္ကူသစ်များ ရိုက်နှိပ်ထုတ်ဝေရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကမူ စစ်တပ်အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလအတွင်း ဘက်ဂျက်လိုငွေကို ဖြည့်ဆည်းနိုင်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ငွေစက္ကူအသစ် ကျပ်ဘီလျံပေါင်း ၃၀,၀၀၀ နီးပါးရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း ပြောဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် ၂၀၁၉ နှင့် ၂၀၂၀ အတွက် ဗဟိုဘဏ်က ကျပ်ဘီလျံပေါင်း ၃၆၅၆ သာရိုက်နှိပ်ထုတ်ဝေခဲ့ရာ စစ်ကောင်စီလက်ထက် သုံးနှစ်ကျော်အတွင်း ငွေစက္ကူသစ်ရိုက်ထုတ်မှုနှိုင်းယှဉ်လျှင် ၈ ဆကျော်ပိုများကြောင်း NUG က ဆိုသည်။
စစ်ကောင်စီစစ်ရှုံးနေသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့နယ် နယ်နိိိိိိိိိမိတ်ချင်းထိစပ်ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံအများအပြားရှိရာ မကွေးတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီက လူနှင့် လက်နက်အင်အားတိုးမြှင့်ချထားသလို ကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီ၏ လက်နက်စက်ရုံများ၊ လှုပ်ရှားစစ်ကြောင်းများ၊ လုံခြုံရေးကင်းများ စိမ့်ဝင်တိုက်ခိုက်နေသည်။