ylliX - Online Advertising Network
မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ - Kachin News Group (KNG)

မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ – Kachin News Group (KNG)


ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။

နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊ စိုက်ပျိုးခြံမြေတွေအထိပါ ပြန်လည် တူးဖော်နေတယ်လို့ မချမ်းဘော ဒေသခံအမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။

အဓိကတော့ မချမ်းဘောမြို့နယ်ထဲမှာ ပေါ့လေ။ အိမ်ခြံမြေ၊ လယ်ယာမြေ၊ စိုက်ပျိုးမြေ ပါသွားတယ် ဆိုတာကလည်း မြေယာပိုင်ရှင်တွေကိုက ရွှေလုပ်ငန်းရှင်တွေကို ရောင်းချပေးပြီး တူးနေတဲ့ အခြေအနေမှာ ဖြစ်တယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့်ကျေးရွာ နှစ်ခုမှာ ဖြစ်နေတယ်။ အိမ်ခြံမြေတို့ ဥယာဉ်ခြံတို့က တော်တော်လည်း ပါသွားပြီ။ အခုရွှေတူးဖော်တဲ့ စက်ယန္တရားတွေလည်း တော်တော်များတယ်လို့ ပြောပါတယ်။

နမ်စဘွမ့် ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင် ၂၀ ဦးခန့်ရှိပြီး သူတို့ဟာ ခေတ်အဆက်ဆက် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေ ဧက ၅၀ ဝန်းကျင်ခန့်ကို တူးဖော်လိုက်ကြပြီလို့ သိရပါတယ်။

ရွှေတူးဖော်ဖို့ မြေနေရာတစ်ဧကကို ကျပ် သိန်း ငါးရာကနေ ကျပ်သိန်းတစ်ထောင် ဝန်းကျင်အထိပေးဝယ်နေရပြီး ဒေသခံတွေ ကိုယ်တိုင် လုပ်ငန်းရှင်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နမ်ခမ့်ကျေးရွာမှာ လက်ရှိပြည်သူတွေနေထိုင်နေတဲ့ လူနေအိမ် အိမ်ခြံဝင်းတွေအထိ ရွှေတူးဖို့ မြေတိုင်းတာနေတယ်လို့ မချမ်းဘော ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

နမ်စဘွမ့်မှာတော့ လယ်ယာမြေ တစ်ဝက်လောက်ကုန်သွားပြီ။ အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် သုံးပုံကနေ တစ်ပုံလောက်ပဲကျန်တော့တယ်။ အဲလိုပဲ နမ်ခမ်းထဲမှာလည်း ရွှေတူးတဲ့ ဘက်ဟိုးက ၁၀ စီးလောက်ရှိတယ်။ အခုတူးနေတဲ့ နေရာတွေကလည်း ဥယာဉ်ခြံ၊ အိမ်ယာမြေတွေပါတယ်။ ရွာထဲမှာကို ရွှေတူးဖို့ အိမ်ကွက် မြေကွက်တွေ ရောင်းဝယ်ကြတာ တူးကြတဲ့ အနေအထားမှာပါလို့ပြောပါတယ်။

နမ်ခမ်းကျေးရွာမှာက အိမ်ခြံဝင်းနဲ့ စိုက်ပျိုးခြံတွေမှာ စက်ယန္တရားတွေနဲ့ တွင်တွင်ကျယ်ကျယ် တူးဖော်နေကြတာဖြစ်ပြီး ရွှေတူးဖော်တဲ့ ဘက်ဟိုး ၁၀ စီးကျော်ခန့် ရှိတယ်လို့ ပြောပါတယ်။

မချမ်းဘောဒေသခံတွေရဲ့ ပြောဆိုချက်အရ နမ်ခမ်းနဲ့ နမ်စဘွမ့်ကျေးရွာ နှစ်ခုလုံးမှာ မြေဧက ရာနဲ့ ချီတူးဖော်လိုက်ပြီး အခုလို အိမ်ခြံဝင်းနဲ့ လယ်ယာမြေ၊ ဥယာဉ်မြေအထိ ပြန်လည်တူးဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရွှေတူးဖော်နိုင်ဖို့ရန်အတွက် ရွှေလုပ်ငန်းရှင်နဲ့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းကာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတယ်လို့ မချမ်းဘောဒေသခံတွေက ပြောပါတယ်။

ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ကျေးရွာအတွင်း လိုအပ်နေတဲ့ လမ်းတံတားနဲ့ ကျောင်းဆောင်တွေကို ဆောက်ပေးမယ်လို့ စည်းရုံးပြောဆိုပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတစ်ချို့က ကျေးရွာအတွင်း လူနေအိမ်တွေအထိ ရွှေတူးဖော်လာတဲ့အပေါ်မှာ ကန့်ကွက်ပြောဆိုတာတွေရှိပေမယ့် အုပ်ချုပ်ရေးဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ စစ်တပ်က လုပ်ဆောင်နေတာကြောင့် ကန့်ကွက်လို့မရတဲ့အခြေအနေမှာ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

အဲဒီကျေးရွာ နှစ်ခုမှာ ရွှေအလွန်အကျွံတူးဖော်လိုက်တာကြောင့် ယခင်နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေတွေ ပျောက်ဆုံးသွားတဲ့အပြင် ဒေသခံတစ်ချို့လည်း ကျန်ရှိနေတဲ့ အိမ်ဝင်းမြေနေရာတွေကို ရောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

လာမယ့် တစ်နှစ်ကျော်အတွင်း ကျေးရွာမြေနေရာ အားလုံးကုန်ဆုံးသွားပြီးနောက် ဒေသခံပြည်သူတွေ ရွှေ့ပြောင်းနေထိုင်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ နောက်ထပ် ပူတာအို ဒေသခံကချင်အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။

အခုအခြေအနေနဲ့ဆိုရင် အိမ်ဝင်းတစ်ခုကို သိန်း ၇၀၀၊ ၈၀၀ တောင်ရတယ်ဆိုတော့ အကုန်လုံး ရွှေ့ပြောင်းသွားမယ်လို့ထင်တယ်။ လုပ်ကိုင်စားသောက်မယ့် လယ်ယာမြေတွေလည်းမရှိတော့ ပူတာအိုမြို့၊ မြစ်ကြီးနားတွေဘက်မှာ ရွှေ့ပြောင်းလာလိမ့်မယ်။ အခုတောင် ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ ကျွဲ၊ နွားတွေတောင် မြေစာပုံ ကျောက်ခဲပုံတွေမှာ လျှောက်သွားနေရပြီ။ ဒီနှစ်ကုန် နောက်တစ်နှစ်လောက်ဆိုရင် ဒီမြေနေရာတွေ အကုန်လုံး ရွှေတူးဖော်လို့ပဲ ကုန်သွားတော့မယ်” လို့ ပြောပါတယ်။

ပူတာအိုဒေသ မှာ အခုလို သဘာဝ မြေနေရာတွေ ဖျက်ဆီးပြီး သယံဇာတထုတ်ယူသုံးစွဲလာတဲ့ အခြေအနေဖြစ်လာတဲ့ အဓိက အကြောင်းအရင်းမှာ တရားဥပဒေလွမ်းမိုးမှု မရှိတော့တဲ့အပြင် လက်ရှိ ကြပ်တည်းနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခက်အခဲပြဿနာရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အဓိတော့ သွားရေးလာရေးတောင် မရတော့တဲ့ ပြဿနာကြောင့်လည်းပါမယ်။ ပူတာအိုဒေသမှာတင် ခေါင်းလန်ဖူးတွေလို ဘက်သွားလို့မရဘူး။ ပြည်သူတွေက ကြပ်တည်းနေတဲ့ကြားရကနေ ရွှေတူးဖော်တာက ထွက်ပေါက်တစ်ခုဖြစ်လာတယ်။ မြစ်ကြီးနား၊ ဖားကန့် ဆင်းမယ်ဆိုရင်လည်း ပိုခက်ခဲမှာလေ ဘာမှလည်း လုပ်ကိုင်စားသောက်လို့မရ။ နေ့တိုင်းလိုလို စားဖို့သောက်ဖို့ ဝင်ငွေကမရှိဘူး ။ အခုချိန်မှာက ရွှေတူးတာတစ်ခုပဲ ကြီးကြီးမားမား လုပ်ကိုင်လာကြတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ကြီးမားတဲ့ ရွှေတူးဖော်မှုဖြစ်နေတဲ့ နမ်ခမ်းကျေးရွာဟာ မချမ်းဘောမြို့နယ်ထဲမှာ အိမ်ခြေ ၂၅၀ ကျော်ခန့်နဲ့ လူဦးရေအများဆုံးကျေးရွာ ဖြစ်သလို မချမ်းဘောမြို့နယ်ရဲ့ အရေးပါတဲ့ ကျေးရွာ အုပ်စုတစ်ခုဖြစ်တယ်လို့ မချမ်ဘောဒေသခံတွေ ပြောပါတယ်။

ဒါ့အပြင် နမ်စဘွမ့်ကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ခန့် နေထိုင်ပြီး အဲဒီကျေးရွာ နှစ်ခုစလုံးက ဘိုးဘေးစဉ်ဆက် လယ်ယာမြေကိုသာ အဓိက လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် လောက်ကနေ နမ်ခမ်နဲ့ နမ်စဘွမ့် ကျေးရွာတွေမှာ ရွှေတူးဖော်တာတွေ စတင်လုပ်ဆောင်လာပြီး ၂၀၂၄ ခုနှစ် အထိ ၂ နှစ်အတွင်းမှာပဲ ကျေးရွာ နယ်နမိတ်ပတ်ပတ်လည် မြေနေရာတွေကို ရွှေတူးဖော်မှု စတင်လိုက်တာဖြစ်ပါတယ်။

ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း ကျေးလက်ဒေသအသီးသီးမှာ ကြီးမားတဲ့ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုကို တခြားဒေသတွေလို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့တဲ့ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။

ရွှေတူးဖော်နေတဲ့ နမ်ခမ်းနဲ့ နမ်စဘွမ် ကျေးရွာနှစ်ခုဟာ မချမ်းဘောမြို့နဲ့ ၇ မိုင်နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)







Source link

Leave a Reply

Your email address will not be published. Required fields are marked *