ylliX - Online Advertising Network
ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ (ဇန်နဝါရီ ၁၉ ရက်နေ့မှ  ၂၅ ရက်အထိ)

ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ (ဇန်နဝါရီ ၁၉ ရက်နေ့မှ  ၂၅ ရက်အထိ)





ဒီတစ်ပတ် (ဇန်နဝါရီ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ) အမေရိကန် သမ္မတသစ်ထရမ့်က နိုင်ငံတကာကူညီထောက်ပံ့မှုတွေ ရပ်လိုက်တဲ့သတင်းအပါအဝင် အင်ဒို မြေပြိုမှု သေဆုံးသူ မြင့်လာတဲ့ သတင်းအကြောင်းအရာတွေဟာ ကမ္ဘာ့ထိပ်တန်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးခေါင်ရေရှားလို့ ဆိုမာလီယာမှာ လူ ခုနစ်သောင်းကျော် သေဆုံးနေရတဲ့ သတင်း၊ မြောက်ကိုရီးယားစစ်သားတွေ ရုရှားကို ထပ်လွှတ်မယ်ဆိုတဲ့ သတင်းနဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း  ရာချီ ပိတ်လိုက်ရတဲ့ သတင်း အကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“နိုင်ငံတကာ အကူအညီတွေကို ထရမ့်ရပ်လိုက်”

 

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ နိုင်ငံတကာကူညီမှုအပြင် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် သီးသန့်ထားရှိထားတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

 

ထရမ့်အနေနဲ့ အမေရိကန်ပိုင် ငွေကြေးတွေဟာ မလိုအပ်တဲ့နေရာတွေမှာ အသုံးများနေတယ်လို့ ထင်နေပြီး အမေရိကန်ကသာ ပထမဆိုတဲ့ သူရဲ့ ကျမ်းကျိန်ပွဲက စကားကို အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။

 

ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအစီအစဉ်တွေဟာ ထိခိုက်မှု ရှိလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပေါင်းကူးရေး လုပ်ငန်းစဉ်တွေအတွက်လည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ လေ့လာသူတွေက အသိပေးထားပါတယ်။

 

အရေးပေါ် စားနပ်ရိက္ခာအကူအညီအပြင် အစ္စရေးနဲ့ အီဂျစ်အတွက်ပေးနေတဲ့ စစ်ရေးအကူအညီတွေကတော့ ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားထားပါတယ်။

 

ထရမ့်ဟာ လက်ရှိ ရပ်ဆိုင်းထားတဲ့ ထောက်ပံ့မှု အစီအစဉ်တွေကို ရက် ၉၀ အထိ ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ ဆိုပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာလည်းဖြစ်ပါတယ်။

****************************************

 

“မြေပြိုမှုကြောင့် အင်ဒိုနီးရှားမှာ သေဆုံးသူ ၂၅ ဦးအထိ မြင့်တက်လာ”

 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်မှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၅ ဦးအထိ မြင့်တက် လာပါတယ်။ ဂျာဗားပြည်နယ် ပီကာလွန်ဂန်မြို့အနီး တောင်တန်း ဒေသတွေမှာ ဇန်နဝါရီ ၂၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်ခဲ့ရာမှ အခုလို မြေပြိုမှုတွေဖြစ်ပွားခဲ့တာပါ။

 

ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်နားထားရာကနေ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ပြီလို့ ဒေသအာဏာပိုင်တွေက အိသပေးထားပြီး အသက်ရှင်ကျန်သူတွေ ရှိနေတယ်လို့ ယူဆရတဲ့ နေရာတွေကို အထူးရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။

 

မြေပြိုမှုကြောင့် လက်ရှိမှာ လူ ၂၅ ဦးသေဆုံးပြီး အနည်းဆုံး ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။ အများအားဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ မိုးရာသီ နိုဝင်ဘာလကနေ ဧပြီလအကြား မြေပြိုမှုတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။

 

ဒါပေမဲ့ မကြာသေးမီနှစ်တွေမှာ ရာသီဥတုတွေ ဆိုးရွားလာပြီး အချိန်မဟုတ် မိုးရွာသွန်းတာတွေနဲ့ မြေပြိုမှုတွေဟာ ဖြစ်ပေါ်လာခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့ ရုတ်တရက်ရေကြီးတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ အဖြစ်များလာပါတယ်။

 

ပြီးခဲ့တဲ့နှစ် မေလကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနောက်ဆူမားတြားမှာ  ရုတ်တရက် ရေကြီးမှုဖြစ်လို့ အနည်းဆုံး လူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

****************************************

 

“ဆိုမာလီယာနဲ့ မိုးခေါင်၊ ရေရှားမှု ပြဿနာ”

 

ဆိုမာလီယာ ကျန်းမာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ရဲ့ လေ့လာချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း မိုးခေါင်၊ ရေရှားမှုကြောင့် ဆိုမာလီယာမှာ လူ ၇၁,၀၀၀ သေဆုံးမှု ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

အစီရင်ခံစာမှာ အဲဒီသေဆုံးသူတွေထဲ ၄၀ ရာခိုင်နှုန်းဟာ အသက် ငါးနှစ်အောက် ကလေးငယ်တွေ အများဆုံး ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ အခုလို အများအပြား လူတွေသေဆုံးနေတာဟာ မိုးခေါင်ရေရှားတာတွေအပြင် အစာရေစာ ပြတ်လပ်မှုတွေကြောင့် ဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

WHO ရဲ့ တာဝန်ရှိသူတွေကတော့ ဆိုမာလီယာနိုင်ငံရဲ့ အခုလိုအဖြစ်အပျက်တွေဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကူညီမှုတွေအပြင် အရေးပေါ်တုံ့ပြန်မှုတွေလည်း လိုအပ်နေတာကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

မိုးခေါင်တာတွေ၊ ရေကြီးတာတွေ၊  ပဋိပက္ခနဲ့ မလုံခြုံမှုတွေနဲ့ ရောဂါဘယဖြစ်ပေါ်မှုတွေဟာ ထပ်တလဲလဲဖြစ်ပေါ်နေတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေအပြင် ဆင်းရဲမွဲတေမှုတွေကို ပိုမိုဖြစ်စေတယ်လို့လည်း အစီရင်ခံစာက အသိပေးထားပါတယ်။

****************************************

 

“မြောက်ကိုရီးယားစစ်သားတွေ ရုရှားဆီ ထပ်လွှတ်မယ်”

 

ရုရှား-ယူကရိန်း စစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတွေ အသေအပျောက် များနေတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ဟာ ရုရှားကို သူ့ရဲ့ စစ်သားတွေ ထပ်လွှတ်ဖို့ ကြံရွယ်နေပါတယ်။

 

အခုလို ကြံရွယ်မှုတွေကို တောင်ကိုရီယားစစ်တပ်က သတိထားမိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က အသိပေးပြောလိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်အထိ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

 

မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံကို စစ်ရေးလက်နက်တွေအပါအဝင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ ဝန်းကျင်ကို စေလွှတ်ခဲ့ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်းထောက်လှမ်းရေးတွေရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကောင်းမွန်တဲ့ အခြေအနေတွေရှိနေတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှားအနေနဲ့ ခေတ်မီလက်နက် နည်းပညာတွေအပြင် မြောက်ကိုရီးယားရဲ့ နျူလက်နက်စီမံကိန်းတွေ ပိုမိုအဆင့်မြင့်လာအောင် နောက်ကွယ်ကနေ ကူညီနေမှာကို မလိုလားဖြစ်နေကြပါတယ်။

 

မြောက်ကိုးရီးယားစစ်သားတွေဟာ စစ်စည်းကမ်းနဲ့ လေ့ကျင့်မှု အားကောင်းတယ်လို့ ယူဆရပေမဲ့ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း နယ်မြေမကျွမ်းကျင်မှုတွေအပြင် မြေပြန့် စစ်မြေပြင်ပုံစံတွေကြောင့် ယူကရိန်းရဲ့ ဒရုန်း ဒဏ်ကို ကြီးကြီးမားမား ခံနေရတယ်လို့လည်း ဆိုပါတယ်။

****************************************

 

“ထိုင်းမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းတွေပိတ်ထား”

 

ထိုင်းနိုင်ငံက နေရာအများစုနဲ့ မြို့တော် ဘန်ကောက်မှာပါ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ရာနဲ့ချီ ပိတ်လိုက်ရပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ကျောင်းတွေပိတ်ဖို့ အမိန့်ပေးလိုက်တာပါ။

 

အခုတော့ ခရိုင် ၃၁ ခုမှာ ကျောင်းပေါင်း ၃၅၂ ကျောင်းပိတ်ထားတယ်လို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။ ဒါဟာ ငါးနှစ်အတွင်း ကျောင်းတွေပိတ်လိုက်ရတဲ့ အမြင့်ဆုံး အရေအတွက်ဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။

 

လူအများကိုလည်း အိမ်ကနေသာ အလုပ်ဆင်းကြဖို့လည်း အသိပေးထားပါတယ်။ ပိတ်လိုက်ရတဲ့ ကျောင်းတွေကိုတော့ ရုံးပိတ်ရက်တွေမှာ အစားထိုးအတန်းတွေ ပြန်ခေါ်တာ ဒါမှမဟုတ် အွန်လိုင်းအတန်း‌တွေနဲ့ သင်ကြားပေးတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ထိုင်းအစိုးရက ကောက်ရိတ်သိမ်းပြီးနောက်  မီးရှို့တဲ့ လုပ်ငန်းစဉ်တွေကို တားမြစ်ထားပြီး ရထားနဲ့ ဘတ်စ်ကား ဝန်ဆောင်မှုတွေကိုလည်း ပြီးခဲ့တဲ့ စနေနေ့ကစတင်ကာ အခမဲ့ ပြေးဆွဲပေးသွားမှာလည်းဖြစ်တယ်လို့ အသိပေးထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *