နေပြည်တော်၊ ဇန်နဝါရီ ၂၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ( ၁၈ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသူများ ၊ ဘွဲ့ရ ကျောင်းသား / ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ဘာသာရပ်အလိုက် ပညာရည် ထူးချွန်ဆုရ ကျောင်းသား / ကျောင်းသူ ၁၀ ဦးကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ရ ၂၅ ဦး၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ၂၉ ဦး ၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့ရ ၂၉ ဦး ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ ၇ ဦး ၊ ရေကြောင်း လျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရ ၃၂ ဦး ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့ရ ၁၅ ဦး ၊ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ ၃၉ ဦး ၊ ရေကြောင်းသိပ္ပံဘွဲ့ရ ၁ ဦး ၊ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့်ထောက်ပံ့သယ်ယူပို့ဆောင်ရေးဘွဲ့လွန် ဒီပလိုမာဘွဲ့ရရှိသူ ၅၈ ဦး ၊ စုစုပေါင်း ဘွဲ့ရရှိသူ ၂၃၅ ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို ( ၁၈ ) ကြိမ် ကျင်းပခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ ၃၄၆၂ ဦးနှင့် သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ ၁၂၁၉ ဦး ၊ ဒီပလိုမာ ဘွဲ့ရရှိသူ ၁၂၄၈ ဦး၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ရရှိသူ ၁၁ ဦး နှင့် မဟာဘွဲ့ရရှိသူ ၂၂ ဦး ၊ စုစုပေါင်း ဘွဲ့ရရှိသူ ၅၉၆၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်