ylliX - Online Advertising Network

ဗန်းမော်မြို့ အမြောက်တပ် ၂ ခုနှင့် လေယာဉ်ကွင်းကို KIA သိမ်းပိုက်ထား 


မြန်မာ-တရုတ်နယ်စပ်အနီး တည်ရှိသော ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်မြို့ရှိ စစ်စခန်းများကို   အရှိိန်မြှင့်ထိုးစစ်ဆင်နေသည့်  ၄ ရက်အတွင်း အမြောက်တပ် ၂ ခုနှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားနိုင်ပြီး ကျန်စခန်းများကို တိုက်ခိုက်နေဆဲဖြစ်သည် ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (ဇန်နဝါရီ ၂၇) ညနေပိုင်းတွင် ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ KIA ၊ ကချင်ဒေသကာကွယ်ရေးတပ်များ (KPDF) နှင့် ပူးပေါင်း တပ်များက ဗန်းမော်မြို့နှင့် အနီးရှိမံစီမြို့တို့ကို စတင်တိုက်ခိုက်ခဲ့ကြပြီး ယခုလဆန်းတွင် တိုက်ပွဲ အရှိန်လျော့သွားသော်လည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာ သည်။

ထိုးစစ်ဆင်ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်ကောင်စီ လက်လွှတ်လိုက်ရသည်မှာ အမှတ် (၃၆၆) အမြောက်တပ် နှင့် အမှတ်(၆၀၀၇)အမြောက်တပ်တို့ ဖြစ်သည်။

လေယာဉ်ကွင်းနှင့် တစ်ဆက်တည်းရှိနေသည့် စကခ – ၂၁ ခေါ် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို သိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“လေယာဉ်ကွင်းကတော့ ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေနေရာယူထားပါပြီ။ ရပါပြီ။ စကခ -၂၁ ကိုတော့ မရသေးပါဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ယနေ့ ညနေတွင် အတည်ပြုသည်။

အွန်လိုင်းတွင် ပျံ့နှံနေသည့်ရုပ်သံများတွင် ဗန်းမော်လေယာဉ်ကွင်းအတွင်း ဝင်ရောက်နေသော KIA, KPDF ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ကို တွေ့ရသည်။ အဆောက်အဦတချို့ မီးလောင်နေကာ အဝေးမှ ပစ်ခတ်သံများကိုလည်း ကြားနေရသည်။ 

ဗန်းမော်သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အခြေစိုက်ရာမြို့ဖြစ်ပြီး ၎င်း၏ လက်အောက် ခံ ခြေလျင်တပ်ရင်းများ ဖြစ်သော ခလရ၂၃၆ ၊ ခလရ ၄၇၊ အမြောက်တပ်များဖြစ်သည့် အမတ ၃၆၆၊ အမတ ၃၀၄ နှင့် အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံး တပ်ရင်း ၅ ရင်းခန့် အခြေစိုက်သည့်တပ်မြို့ဖြစ်သည်။

 ဗန်းမော်လေယာဉ်ကွင်းထဲ တွေ့ရသော KIA,KPDF တပ်ဖွဲ့ဝင်များ။

တိုက်ပွဲရလဒ်ကို ထုတ်ဖော် ပြောဆိုရန် အခြေအနေမပေးသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တချို့ရပ်ကွက်တွေမှာတော့ တော်တော်များများမှာတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေလည်း ဝင်နေပါပြီ၊ စကစရဲ့ တပ်စခန်းတော်တော်များများမှာလည်း ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေတဲ့ အနေအ ထားမှာ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ကျွန်တော်တို့ ထိန်းချုပ်လို့ရတယ်ဆိုတဲ့ အပိုင်းကို အတည်ပြုပြောဆိုဖို့ကိုတော့ ကျွန်တော် အဆင်မပြေသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဗန်းမော်မြို့ရှိ စခန်းများ ထိုးစစ်ဆင်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်တပ် ထုတ်ပြန်ချက်များတွင် ဖော်ပြခြင်း မရှိပေ။

ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စကခ-၂၁ အတွင်းပိုင်းရှိ စစ်ကောင်စီတပ်များ ကို KIA, KPDF ပူးပေါင်းတပ်များက ရှင်းလင်းတိုက်ခိုက်နေသည်ဟု KIA စစ်ဘက်နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ (စကခ ၂၁)အကုန်ပြီးပြီလို့တော့ ကြားတယ်၊ ရှင်းလင်းရေးဝင်နေတယ်၊ ဒီနေ့လည်း တောက်လျှောက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အဲဒီ စကခ ၂၁ က တချို့တွေ ဆုတ်ကုန်တယ်၊ အဲဒါကို လိုက်ပြီး ရှင်းလင်းတာတွေလုပ်နေတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။



စစ်ကောင်စီက မြေပြင်စစ်တပ်များကို အကူအညီပေးရန် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲနေသလို ဒရုန်းများနှင့် လက်နက်ကြီးများသုံးပြီး အဆက်မပြတ် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။

“ ဒီနေ့လည်း လေယာဉ်က တောက်လျှောက်ပဲ၊ မနေ့တုန်းကလည်း တစ်နေကုန် နေ့ရော ညရော  လေယာဉ်က တောက်လျှောက်ကြဲတာပဲ”  ဟု အထက်ပါအမျိုးသားက ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗန်းမော်မြို့ပေါ်ရပ်ကွက်အများအပြားမှ အရပ်သား နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ အများအပြား သေဆုံးခဲ့ကာ ဒဏ်ရာရသူများလည်းရှိနေသည်ဟု ဒေသတွင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

ဗန်းမော် တကျော့ပြန် ထိုးစစ်မစခင် မြို့တွင်းရှိ အိမ်စောင့်ကျန်ရစ်နေသည့် လက်ကျန်မြို့ခံများကို KIA က ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ကာ ထွက်ခွာခိုင်းသည့်အတွက် မြို့တွင်း၌ ဒေသခံများ မရှိသလောက် နည်းပါးနေပြီဖြစ်သည်။

ဗန်းမော်မြို့နည်းတူ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း များဖြစ်သည့်  ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် အမတ ၅၃၂ တို့ကို KIA နှင့် ပူးပေါင်းတပ် များက အပြီးသတ် တိုက်ခိုက်ကာ ဇန်နဝါရီ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် သိမ်းပိုက်ထားသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေ သည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။

သို့သော် ကချင်ပြည်နယ်အတွင်း အခြားဒေသများတွင် လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *