စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသရှိ နာမည်ကျော် မြသိန်းတန်ဘုရားအနီး ဇန်နဝါရီ ၂၇ ရက် နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
မန္တလေးမြို့၏အနောက်ဘက် မင်းကွန်းဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ရံဖန်ရံခါ ရင်ဆိုင်ရတတ်သည့် စစ်ကောင်စီတပ်သည် မင်းကွန်းကျေးရွာမှ မြောက်ဘက်သို့ ထွက်လာစဉ် ရှားရောင်းကျေးရွာအနီး နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ညနေ ၃ နာရီခန့်တွင် မြသိန်းတန်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြသိန်းတန်ဘုရားတွင် တပ်စွဲထားသော ထိုစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မြသိန်းတန်က ထွက်လာတဲ့ စကစကင်းပုန်းနဲ့ ထိတွေ့ဖြစ်တာပါ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒီနေ့မနက်လည်း မြသိန်းတန်ဖက်ကနေ ကင်းရွာဖက်ကို သူတို့ပစ်နေတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူးဗျ”ဟု အသက် ၃၀ အရွယ် အဆိုပါဒေသခံက ဆိုသည်။
မင်းကွန်းကျေးရွာ၏မြောက်ဘက်သို့ သွားရာ ရှားရောင်းကျေးရွာတွင် စစ်တပ် မိုင်းဆွဲခံရပြီးနောက် ပြန် လှည့်သွားကြောင်း၊ အထိအခိုက်အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းမြို့အနီးတဝိုက်တွင်အခြေစိုက်ပြီး မင်းကွန်းဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် “ ယူနီကွန်း “ အမည်ရှိ ပြောက်ကျားတပ်ဖွဲ့က တိုက်ပွဲအခြေအနေများကို အတည်ပြုခဲ့ပြီး အသေးစိတ်အခြေအနေကို မကြာမီသတင်းထုတ်ပြန်မည်ဟု ပြောသည်။
ထိုအဖွဲ့သည် ပြီးခဲ့သည့်ဇန်နဝါရီ ၇ ရက်နေ့က စစ်ကိုင်း-မင်းကွန်းကားလမ်းပေါ်တွင် ရိက္ခာပို့ပြန်လာသည့် စစ်ကိုင်းမြို့မှ နာမည်ကြီး ပျူစောထီး ခေါ် ပြည်သူ့စစ်ခေါင်းဆောင် ရွှေကျား(ခေါ်) ကျော်မျိုးထွန်း အပါအဝင် ၁၂ဦးခန့်လိုက်ပါလာ သော ကား ၂ စီးကို ချုံခိုတိုက်ခိုက်ခဲ့ပြီး ထိုခေါင်းဆောင် အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။
ယမန်နေ့က မြသိန်းတန်စေတီအနီး တိုက်ပွဲအခြေအနေကို မန္တလေးမြို့မှ နာမည်ကျော် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက မင်းကွန်းမှ ပျူစောထီးဘက်တော်သားတစ်ဦးကို မေးမြန်းထားသည့် ရုပ်သံကို ၎င်း၏တယ်လီဂရမ်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ရုပ်သံတွင် မင်းကွန်းကျေးရွာအနီး ထုံးဘိုရွာ PDFစခန်းများမှ လာရောက်သည့် အင်အား၂၀၀ ခန့် သည် မြသိန်းတန်ဘုရားတွင် တပ်ချထားသည့် စစ်ကောင်စီလက်နက်ကိုင်များထံ လာရောက် တိုက်ခိုက်နေ၍ မန္တလေးမြို့ဘက်မှ လက်နက်ကြီးပစ်ကူပေးနေရသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း၊ PDF ဘက်မှ အထိအခိုက် များပြားနိုင်ကြောင်း၊ ပြည်သူ့စစ်များ မင်းကွန်းဒေသမှ မဆုတ်ခွာဘဲ ကြံ့ကြံ့ခံခုခံစေလိုကြောင်း လည်း ယင်းရုပ်သံတွင် ပြော ထား သည်။
မင်းကွန်းဒေသရှိ စစ်ကောင်စီတပ်က တိုက်ခိုက်ခံရလျှင် အရပ်သားတို့ကို ရန်ရှာလေ့ရှိသည်ဟု လွန်ခဲ့သည့်၂ လခန့်က စစ်ကိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မင်းကွန်းဒေသဖက်မှာက တော်လှန်ရေးအဖွဲ့စုံ လှုပ်ရှားနေတယ်။ စစ်ကိုင်း၊ မန္တလေး၊ ဝက်လက်အဖွဲ့တွေ အစုံပေါ့။ မင်းကွန်းရဲစခန်းဆို မကြာခဏအပစ်ခံရတယ်” ဟု ၎င်းက ပြောပြထားသည်။
“ဒီတော့ သူတို့ကလည်း ရွာတွေကို မကြာခဏစစ်ကြောင်းထိုးတယ် ။ သတ်ဖြတ်မီးရှို့တာတွေ လုပ်တယ်။ ဒေသခံတွေ အများစုလည်း ရှောင်နေကြရတယ်”
စစ်တပ်ကမူ မီးရှို့မှုများမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး မန္တလေး မြို့၏အနောက်ဖက် နှင့်လည်း ဧရာဝတီမြစ်သာခြားထားသည်။ မြသိန်းတန်ဘုရားသည်လည်း ပြည်တွင်းပြည်ပဧည့်သည်များ စိတ်ဝင်စားသည့်နေရာတစ်ခု ဖြစ်သည်။
ရှေးဟောင်းစေတီပုထိုးများ၊သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သည့် မင်းကွန်းဒေသသည် ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် ဒေသတစ်ခုဖြစ်သည်။
ဆင်းရဲခေါင်သီလှသော အဆိုပါဒေသ မြစ်ကမ်းနဖူး ကျေးရွာငယ်များသည် ခရီးသွားဧည့်သည်များကို မှီတင်းကာ လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ယခုအခါ တိုက်ပွဲများပတ်လည်ဝိုင်းနေသည့် အခြေအနေများ နှင့် ခရီးသွားဧည့်များရှားပါးလာမှုတို့ကြောင့် အများစုမှာ ဒေသကိုစွန့်ခွာကုန်ကြသည်ဟု သိရသည်။
မင်းကွန်းဒေသတွင် တိုက်ပွဲများ ယမန်နှစ်အတွင်းက ဖြစ်ပွားလာခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက် မှုများ ဆက်တိုက် ပေါ်ပေါက်လာသည်။
မင်းကွန်းတစ်ဖက်ခြမ်း အရှေ့မြောက်ဘက်တွင် တော်လှန်ရေးတပ်များ အင်အားကောင်းသော မတ္တရာ အနောက်ခြမ်းဒေသ မြစ်ကမ်းဘေးကျေးရွာများရှိပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်က နယ်မြေ စိုးမိုးမှုပြန်ရယူထားကာ ကျေးရွာများကို မီးရှို့နေသည်ဟု သိရသည်။