ylliX - Online Advertising Network

ကိုးကန့်တပ်များ လားရှိုးမှ အသုတ်လိုက်ဆုတ်ခွာမည် – Myanmar Now


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ယမန်နှစ် သြဂုတ်လက သိမ်းယူထားသည့် ကိုးကန့်တပ် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တပ်သည် ဇွန်လကုန်မတိုင်မီ ထိုမြို့မှ တဖြည်းဖြည်း ဆုတ်ခွာရမည်ဖြစ်ကြောင်း သိရှိရသည်။

“အပိုင်းလိုက်၊ အသုတ်လိုက် ဆုတ်သွားမှာပါ၊ နောက်ဆုံးအသုတ်က ဇွန်လမကုန်မီ ဆုတ်ပေးရမှာ” ဟု  တရုတ်-မြန်မာအရေး လေ့လာနေသည့်၊ လုံခြုံရေးအရ အမည်မဖော်လိုသည့် ယူနန်အခြေစိုက် တရုတ်သုတေသီ တစ်ဦးက Myanmar Now ကို ပြောကြားသည်။ 

တရုတ်ဖိအားပေးမှုဖြင့် ကိုးကန့်တပ်ခေါင်းဆောင်များနှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ လွန်ခဲ့သည့်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်ရပ်စဲရန် သဘောတူလိုက်ရသည်၊ ထို့အပြင် လားရှိုးမှတပ်များ ၂၀၂၅ ခုနှစ် ဇွန်လတွင် အပြီး ဆုတ်ခွာရန်လည်း   လိုက်လျောလိုက်ရသည်။ 

ထိုကဲ့သို့လိုက်လျောခဲ့ရသည့်အခြေအနေကို ကိုးကန့်တပ်က တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်တန်းခေါင်းဆောင်များသို့ အသိပေးအကြောင်းကြားခဲ့သော်လည်း အများပြည်သူသို့ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။ 

ယမန်နေ့က လားရှိုးမြို့တွင်  ကိုးကန့်တပ်က ပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲသို့ တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်တစ်ဦး သွားရောက်ပြီး  ကိုးကန့်တပ်များလားရှိုးမှ ဆုတ်ခွာရမည့် အခြေအနေအကြောင်း ဒေသခံတို့ကို တရုတ်ဘာသာစကားဖြင့် ရှင်းပြခဲ့သည်။ 

၎င်းပြောဆိုချက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ကိုးကန့်တပ်များ လားရှိုးမှ ယခုနှစ်တွင် ဆုတ်ခွာပေးရမည်၊ လားရှိုးတွင် ၂၀၂၅ ဇွန်လမတိုင်မီ စစ်သားစုဆောင်းမှုရှိမည်မဟုတ်၊  အဝေးရောက်နေသော လားရှိုးဒေသခံများ အိမ်ပြန်လာနိုင်ပြီ၊  လားရှိုးတွင်  စစ်ပွဲများရှိတော့မည်မဟုတ် စသည့် အချက်များ ပါဝင်သည်။ 

၎င်းပြောကြားသည့် ရုပ်သံဖိုင်အစိတ်အပိုင်း အွန်လိုင်းလူမှုကွန်ရက်တွင် ယမန်နေ့က ပြန်နှံ့ခဲ့ပြီး ထိုပြောဆိုခဲ့သောသူမှာ တရုတ်အစိုးရကိုယ်စားလှယ် ဖြစ်သည်ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောဆိုသည်။ 

“ပြန်ဆုတ်ခိုင်းတာဟုတ်တယ်လို့ ပြောပါတယ်။ အသေးစိတ် မပြောပါဘူးဗျ” ဟု ၎င်းက ဆိုသည်။ 

ကိုးကန်တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ လားရှို.မြို့တွင် ဇန်နဝါရီ ၂၉ ရက်နေ့က စုဝေးခဲ့ကြပုံ​ (The Kokang)
ကိုးကန်တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ လားရှိုးမြို့တွင် ဇန်နဝါရီ ၂၉ ရက်နေ့က စုဝေးခဲ့ကြပုံ​ (The Kokang)

တရုတ်၏ ဖိအား

လားရှိုးမြို့ကို ကိုးကန့်တပ်များသိမ်းယူလိုက်ခြင်းသည် မြန်မာစစ်တပ်ပြုတ်ကျစေရန် ခြိမ်းခြောက်မှုဟု တရုတ်အစိုးရက ရှုမြင်ထားပြီး ကိုးကန့်တပ်များ မြို့မှဆုတ်ခွာသွားရန် နည်းလမ်းမျိုးစုံဖြင့် အကြပ်ကိုင်ခဲ့သည်။ 

ထိုနည်းလမ်းများတွင် ကိုးကန့်တပ်များထိန်းချုပ်ထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့များဖြစ်သော လောက်ကိုင်၊ ချင်းရွှေဟော်ရှိ တရုတ်မြန်မာနယ်စပ်ဂိတ်များတွင် လောင်စာဆီ၊ ဆေးဝါး၊ အစားအသောက်များကို သယ်ယူခွင့်မရှိစေရန် ပိတ်ပင်မှုလည်း ပါဝင်သည်။

ထို့အပြင် ထိုပစ္စည်းများ  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေမှ  ကိုးကန့်ဒေသသို့ မရောက်စေရေးအတွက် ကန့်သတ်ပိတ်ဆို့ရန်လည်း တရုတ်က  ဖိအားပေးခဲ့သည်။ 



ထို့ပြင်  တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် ယမန်နှစ်အောက်တိုဘာက တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားခဲ့သည်။

အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး တရုတ်က ၎င်းကို ဇန်နဝါရီလအတွင်း ယူနန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ်တို့၏ အပစ်ရပ်ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်မပြုခဲ့ပေ။ 

မကြာသေးမီကလားရှိုးမြို.တွင် ကိုးကန့်တပ်ဖွဲ့က ပြုလုပ်ခဲ့သောအခမ်းအနားတစ်ခု (The Kokang)

အပစ်ရပ်ဆွေးနွေးပွဲတွင် ကိုးကန့်တပ်က လားရှိုးမှ ဆုတ်ခွာရန် သဘောတူညီခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးထိပ်တန်းခေါင်းဆောင်းများနှင့် ဆက်စပ်သည့် သတင်းရင်းမြစ်များ၊ ယူနန်ပြည်နယ်ရှိ တရုတ်မြန်မာအရေးလေ့လာနေသူ  သတင်းရင်းမြစ်များက Myanmar Now ကို အတည်ပြုပြောဆိုထားသည်။ 

သို့ရာတွင် ထိုသဘောတူညီချက်များကို ကိုးကန့်တပ်က အမှန်တကယ် အကောင်အထည်ဖော်ရန် မည်လားဆိုသည်မှာမူ မကွဲပြားသေးပေ။ 

 ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ပြီး ကိုးကန့်တပ်နှင့် မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် စစ်ကောင်စီတပ်ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။

ထိုးစစ်ကြောင့် ကိုးကန့်တပ်နှင့် မဟာမိတ်တို့ မြို့အများအပြားကို ထိန်းချုပ်နိုင်ခဲ့သည်။

ထိုးစစ် ဦးဆောင်သည့် အဖွဲ့များကို  တရုတ်အစိုးရက ဖိအားပေးပြီး စစ်ကောင်စီတပ်နှင့် အကြိမ်ကြိမ် ဆွေးနွေးစေခဲ့ရာမှ  ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပစ်ရပ်လိုက်ကြသည်။

နှစ်လယ်ပိုင်းတွင် အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်ပြီး တိုက်ပွဲများ ပြန်ဖြစ်ရာမှ ကိုးကန့်တပ်နှင့် မဟာမိတ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို သိမ်းလိုက်သည်။ လားရှိုးတွင် တပ်စခန်းအများအပြား ရှိသဖြင့် ခက်ခက်ခဲခဲ  တိုက်ခိုက်ခဲ့ရပြီး နှစ်ဘက် သေဆုံးမှု များပြားခဲ့သည်။ အရပ်သားသေဆုံးမှုလည်း ရှိခဲ့ပြီး အများအပြားမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် ဖြစ်သည်။

ကိုးကန့်တပ်၏ မဟာမိတ် အာရက္ခတပ်တော်(AA)ကလည်း ယခင်လက ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *