(၂၈-၁-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)
ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၈-၁-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် အီးယူကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံရေးဆိုင်ရာကော်မရှင်နာ Mr. Maroš Šefčovič နှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ဝင် အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်သဘောနေ့လယ်စားပွဲတွင် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ Undersecretary ဖြစ်သူ Dr. Ceferino S. Rodolfo ကလည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး (Directorate General for Trade) မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲတွင် ကော်မရှင်နာ Mr. Maroš Šefčovič က အာဆီယံသည် အီးယူ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာအတွက် အရေးပါဆုံး မိတ်ဖက်တစ်ဦးဖြစ်သည်ကို အီးယူအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ လက်ရှိတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှု (Bilateral Free Trade Agreement-FTA) ဆိုင်ရာ ဆွေးနွေးမှုများ ပြုလျက်ရှိသော်လည်း အီးယူ-အာဆီယံ ဒေသအဆင့် FTA ထွက်ပေါ်လာရေးကို လိုလားပါကြောင်း၊ လာမည့် ၂၀၂၇ ခုနှစ်တွင် အီးယူ-အာဆီယံမိတ်ဖက်ဆက်ဆံရေး နှစ် (၅၀) ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပနိုင်ရန်မျှော်လင့်ပါကြောင်း၊ အီးယူအနေဖြင့် အာဆီယံနှင့် စွမ်းအင် ကဏ္ဍ၊ ဆီမီးကွန်ဒပ်တာရရှိမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပံ့ပို့ဆောင်မှု စဉ်ဆက်မပြတ်တည်တံ့ရေး၊ ကိုဗစ်ကဲ့သို့ ကပ်ရောဂါနှင့် အခြားအရေးပေါ်ကာလများတွင် အများပြည်သူအတွက် ဘဏ္ဍာငွေမတည်ထောက်ပံ့မှု (public financing) စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်အာဆီယံသံအမတ်ကြီးများက အသီးသီးဆွေးနွေးမှုပြုခဲ့ကြပြီး မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ အီးယူသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော မိတ်ဖက်တစ်ဦးဖြစ်ကြောင်း၊ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွန်ကင်းလွတ်ခွင့်အစီအစဉ် (GSP/ EBA) မှတစ်ဆင့် အီးယူ ဈေးကွက်သို့ အထည်အလိပ်နှင့် ဖိနပ်ကုန်စည်များ တင်ပို့နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး ယင်းကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကျေးလက်ဒေသမှ အမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုဝင် (၂) သန်းခန့်ကို အကျိုးရှိစေပါကြောင်း၊ သို့သော်လည်း ယခုနှစ်အတွင်း ကျင်းပမည့် (၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) ၌ ILO က မြန်မာနိုင်ငံကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များဖြင့် Article ၃၃ အရ အရေးယူဆောင်ရွက်မှု ပြုလာစေရန် ပြည်ပရှိ အဖွဲ့အစည်းအချို့က လှုံ့ဆော်မှုများ ရှိနေပါကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်မှုပြုခံရပါက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသော GSP/ EBA အကျိုးရလဒ်များကို အချည်းနှီးဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရှိ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးနှင့် အီးယူစီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်အတွင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်မှုအတွက် ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကယ်၍ ILO ၏ Article ၃၃ ချမှတ်မှုနှင့်အတူ အီးယူ၏ GSP/ EBA ခံစားခွင့်များပါ ရုပ်သိမ်းခံရပြီး မြန်မာနိုင်ငံရှိ အီးယူစီးပွားရေးလုပ်ငန်းများ ထွက်ခွာသွားပါက ယင်းလုပ်ငန်းများရှိ အလုပ်သမားများကို အလုပ်လက်မဲ့ဖြစ်စေပြီး နယ်စပ်ဒေသများရှိ အလုပ်သမားအခွင့်အရေး စောင့်ကြည့်ထိန်းကျောင်းမှု နည်းပါးသော လုပ်ငန်းခွင်များသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြောင်းရွှေ့လုပ်ကိုင်မှု မြင့်တက်လာစေမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
******************************************