၃၀.၁. ၂၀၂၅
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ဆာမတ်ပရာကန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဆာမတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလီဒေသရှိစက်ရုံတွင် အလုပ်သမားအချင်းချင်းစကားများရာမှ မြန်မာနိုင်ငံသားအလုပ်သမားက အခြားမြန်မာနိုင်ငံသားကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာားသည်။
ဘန်ပလာအရပ်ဒေသရှိ ပလက်စတစ်စက်ရုံတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား သီဟဆိုသူကို သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း ထိုင်း ဘန်ဖီလီရဲစခန်းမှ ရဲမှူး ကင်ခက်က ပြောသည်။
မြန်မာနိုင်ငံသား သီဟ၏ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဖက်လက်တွင် ဓားဒဏ်ရာ ၉ ချက်ကို တွေ့မြင်ခဲ့သလို ရုပ်အလောင်းနားတွင်သွေးစွန်းနေသော ဓားနှင့် ပုလင်းကွဲအပိုင်းစများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူ သီဟသည် စက်ရုံအတွင်းရှိ အခြားအလုပ်သမားများကို အနိုင်ကျင့် ရန်စခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိသူဖြစ်ပြီး အခင်းဖြစ်ပွားသည့်ညက သီဟသည် အသက် ၃၃ နှစ်အရွယ်ရှိ ရဲလင်းနိုင်နှင့်အတူ အရက်သောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ထွက်ဆိုထားသည်။
သီဟနှင့် ရဲလင်းနိုင်တို့ အရက်အတူသောက်နေရာမှ စကားများရန်ဖြစ်ပြီး သီဟက ရဲလင်းနိုင်၏ဦးခေါင်းကို အရက်ပုလင်းဖြင့် ရိုက်ခွဲခဲ့ကြောင်း၊ ရဲလင်းနိုင်သည် ပုလင်းဖြင့် ရိုက်ခံရပြီးနောက် စက်ရုံအတွင်းရှိ အလုပ်သမားအခန်းမှ ဓားကိုပြန်ယူကာ သီဟကို ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
ဓားဖြင့်ထိုးသတ်ခံရသော သီဟသည် စက်ရုံအတွင်းရှိအလုပ်သမားများကို ဗိုလ်ကျအနိုင်ကျင့်တတ်သူဖြစ်ကာ မကြာသေးမီက စက်ရုံတွင်အလုပ်သမားအဖြစ် လာရောက်အလုပ်လုပ်သည့် ရဲလင်းနိုင်ကိုလည်း မကြာခဏအနိုင်ကျင့်ခြင်းများရှိခဲ့ကြောင်း ထိုင်းဘန်ဖီလီရဲစခန်းမှရဲမှူးကြီး Phairot Phetploy က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုအတွက် စုံစမ်းရှာဖွေခဲ့ရာ လူသတ်မှုကျူးလွန်သည့် မြန်မာနိုင်ငံသား ရဲလင်းနိုင်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ရဲလင်းနိုင်က ခေါင်းကိုပုလင်းဖြင့် အရိုက်ခံရချိန်တွင် စိတ်ကိုမထိန်းနိုင်ဘဲ ကိုယ်ကိုယ်ကို ကာကွယ်ခွင့်အတွက် လက်တုံ့ပြန်ရန် ဆုံးဖြတ်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။
Ref, Thailandnews