အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အားကစားကွင်းများတွင် ဆိုလာစနစ်သုံး မီးတိုင်များ တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တိုင်းဒေသကြီး ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တာဝန် ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမနှင့် အားကစားကွင်းအားလည်းကောင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမနှင့် ရွှေဝယ်သီရိ အားကစားခန်းမတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရွှေဝယ်သီရိအားကစားခန်းမတွင် လေ့ကျင့်လျက်ရှိသည့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကာယဗလအားကစားရုံနှင့် ဂျူဒိုလေ့ကျင့်ရေး အားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရွှေဝယ်သီရိစားပွဲတင်တင်းနစ်အသင်းသို့ သွားရောက်ပြီး တာဝန်ရှိသူများအားတွေ့ဆုံ၍ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။