ylliX - Online Advertising Network

ညောင်ရွှေမြို့ ရေပူကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီး


သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် ရေပူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ရာ ၂ ကြိမ်ရှိပြီး ဒေသခံနေအိမ် ၃ လုံးပျက်စီးသွားကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလထဲကို ၂ ကြိမ်ဖြစ်သွားတယ် ၂၅ ရက်နဲ့ မနေ့က ၂၉ ရက် စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် စုစုပေါင်း ၃ လုံးပျက်စီးသွားတယ်။ မနေ့က သူတို့ ပစ်လိုက်တဲ့ လက်နက်က ရွာထဲ ၃ လုံးကျတယ်။ ရွာပြင်မှာ ၁၉ လုံးထိတယ်။ ဒေသခံ တချို့ဆို တိုက်ပွဲဖြစ်မှာဆိုးလို့ ကြိုရှောင်နေတာမျိုးတွေ ရှိတယ်။ သူတို့လည်း တော်တော်လေး ထိတ်လန့်နေကြတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေပြီး ထို့ရေပူကျေးရွာရှိ ဒေသခံများလည်း နီးစပ်ရာ ဆွေမျိုးအိမ်ကို သွားရောက်ခိုလှုံနေရကြောင်း ညောင်ရွှေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာကလူတော်တော်များများက ရှောင်နေကြတယ်။ ရွာမှာ သူသိပ်မရှိတော့ သလောက်ပါပဲ။ စစ်ကောင်စီရဲ့ ဒီလိုတဖက်သတ်ပစ်ခတ်တာဟာ ကျမတို့ ပြည်သူတွေ ကလေးငယ်တွေပဲ ထိခိုက်နစ်နာစေတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၁၇ ရက်)နေ့တွင် ညောင်ရွှေမြို့နယ် စစ်ကောင်စီတပ်နှင့် PNO ပူပေါင်းတပ်တို့က ပင်စုံရွာဖက်မှ နေ၍ ဘုရားတောင်ရှိ စစ်ရှောင်စခန်းကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေပူစစ်ရှောင် ၃ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရထားသည်ဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်း ထီစုံကျေးရွာသည် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *