ylliX - Online Advertising Network

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာများ | Ministry Of Information


အိအိဖြိုး

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကိုရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

နိုင်ငံတကာတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက်မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးမြှင့်နိုင်မည် ဖြစ်ပါသည်။ နွားချေးနှင့် သစ်ဆွေးမြေဩဇာများသုံးစွဲခြင်း၊ သီးနှံရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ပြန်လည်ထည့်သွင်း ပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်းရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည်ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရန်လိုအပ်လာပါသည်။ ထို့အပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီးဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝသက်ရှိများနှင့် အပင်အာဟာရဓာတ်လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း ဆောင်ရွက်သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

သစ်စိမ်းမြေဩဇာ

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု (Biomass) အထွက်များများရရှိသော အပင်မျိုးဖြစ်သည့်အတွက် ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။

သီးနှံများမစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့်သီးနှံအတွက် လိုအပ်သောနိုက်ထရိုဂျင်ဓာတ်၊ ဖော့စပရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့် သစ်ဆွေးဓာတ် (Organic Matter) များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပဲမျိုးရင်းဝင် အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲ စသည်တို့အပြင် ပိုက်ဆံလျှော်၊ ဆူးမဲ့ထိကရုံး (Mimosa) အစရှိသည်တို့ကို သစ်စိမ်းမြေဩဇာအပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

ပိုက်ဆံလျှော်ပင် သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း

သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက်အပင်အကြီးမြန်၍ စိုက်ပျိုးရအလွယ်ကူဆုံးအပင်သည် ပိုက်ဆံလျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆံလျှော်ကို အခြားသီးနှံများမစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပါသည်။ ပိုက်ဆံလျှော်၏ အင်္ဂလိပ်အမည်မှာ Sunn hemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆံလျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာပေါက်ရောက်ရှင်သန်နိုင်သောအပင်ဖြစ်ပါသည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိပြီး နေ့တာရှည် ကာလများရရှိပါက အပင်ပိုင်းကြီးထွားမှုကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန်အတန်းလိုက် (၁’ x ၄”) စိုက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက် စိုက်ပျိုးလျှင် ၄ – ၆ ပြည်နှုန်း သုံးစွဲရပါမည်။ မျိုးစေ့များကို မြေအနက် ၆-၈ လက်မခန့်ထိ မြေချစိုက်ပျိုးရပါမည်။

ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ပြီး မျိုးစေ့ကိုညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်တစ်စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။

မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုး မြေမြှုပ်ပေးရပါသည်။ လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။

နွေသီးနှံရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်၍လည်း အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။ အပင်၏အစိတ်အပိုင်းများကို အစိမ်းအတိုင်းထယ်ထိုး၍ မြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ နောက်သီးနှံစိုက်ပျိုးသင့်ပါသည်။ ကောင်းစွာဆွေးမြည့်သွားသည့်အခါ မြေဆီလွှာအားဖြည့်ပေးသော မြေဩဇာအဖြစ်ရရှိမည်။

ပိုက်ဆံလျှော်၊ ပဲလွမ်းနှင့်မတ်ပဲတို့၏ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။

8

ပိုက်ဆံလျှော်သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

(၂) လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးရာရောက်ပါသည်။

(၃) မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များကို မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

(၄)     မြေဆီလွှာတိုက်စားမှုကိုလျော့နည်းစေပြီး အပေါ်ယံမြေလွှာများပျက်စီးမှုကို ကာကွယ်ပေးပါသည်။

(၅) မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။

သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကို သုံးစွဲခြင်းသည် မြေဆီလွှာ၏ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊ ဓာတုပိုင်းဆိုင်ရာဂုဏ်သတ္တိနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများ တိုးတက်ရေးနှင့် ပျက်စီးနေသော မြေဆီလွှာနှင့် သစ်ဆွေးဓာတ်လျော့နည်းနေသော မြေဆီလွှာများ၊ မြေချဉ်ငန်ကိန်း မြင့်လွန်းသော အပူပိုင်းဒေသမြေဆီလွှာများ ပြုပြင်ရန်အတွက် သုံးစွဲရန် အထူးသင့်လျော်ပါသည်။ သက်တမ်းတိုတိုနှင့် ကြီးထွားနှုန်းမြန်ဆန်၍ မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်နှင့် နိုက်ထရိုဂျင်ပမာ များများ ဖြည့်တင်းပေးသည့်အပြင် အကုန်အကျသက်သာသည့် ပိုက်ဆံလျှော်ကို ဝင်ငွေရသီးနှံများမစိုက်မီ သစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။ ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *