ylliX - Online Advertising Network

သမ္မတထရမ့်၏ ပိတ်ပင်မှုကြောင့် မြန်မာပြည်ရှိ HIV နှင့် TB လူနာများ  ဆေးဝါးပြတ်လပ်နိုင်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအစီအစဉ်များ ရပ်တန့်ရန်  ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းများ၏ မြန်မာပြည်တွင်း ကူးစက်ရောဂါ ကူညီ၊ ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ရာ HIV/AIDS  နှင့် TB ရောဂါ ဝေဒနာသည်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေမှာ စိုးရိမ်ရသည်ဟု ထိုအဖွဲ့အစည်းများ တွင် လုပ်ကိုင်နေသူများထံက သိရသည်။ 

ဇန်နဝါရီ ၂၅ ရက်နေ့တွင် အမေရိကန်သမ္မတ၏ အကြောင်းကြားစာ ရောက်လာပြီး အမေရိကန် နိုင်ငံ ၏ နိုင်ငံတကာကူညီထောက်ပံ့ရေးအစီအစဉ်များ ရက် ၉၀ ဆိုင်းငံ့ခဲ့သည်ဟု ပြည်တွင်းရှိ ကျန်းမာရေး INGO တစ်ခုတွင် အလုပ်လုပ် ကိုင်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။ 

“ဒီလူနာတွေကို ရက် ၉၀ လုံးလုံး ထောက်ပံ့မှု၊ ကုသမှု မပေးဘဲထားဖို့က မဖြစ်နိုင်ဘူး။ ဒီလူနာ တွေကို ဆေးဆက်ပေးဖို့ ကျမ်းမာရေး ဝန်ကြီးဌာနဘက်ကို လွှဲတာမျိုးကို ကျွန်တော်တို့က စဉ်းစားဖို့ လိုသလို မျိုး။ တခြား USAID မဟုတ်တဲ့ Donor (အလှူရှင်) တွေ ကိုင်တဲ့ ဆေးရုံ၊ဆေးခန်းတွေကို လွှဲတာမျိုး စဉ်းစားရတော့မယ်” ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ကျန်းမာရေးအကူအညီပေးရေးလုပ်ငန်းများ ရပ်တန့်လိုက်ရာ HIV/AIDS နှင့် အဆုတ်နာရောဂါ TB အပါအဝင် ကူးစက်ရောဂါသည်များ၏ ကူးစက်၊သေဆုံးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဆေးကတော့ မပြတ်ပါဘူး။ HIV နဲ့ ဆေးယဉ်ပါး TB လူနာ အသစ်ရှာတဲ့အခါမှာ အခက်အခဲတွေ ဖြစ် ကုန်မယ်။ ဆေးကတော့ တခြားနေရာတွေကို လွှဲလို့ရတယ်ဆိုပေမယ့် လွှဲရမယ့် နေရာမှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ မမျှတရင် ဝန်ထုပ်ဝန်ပိုး ဖြစ်တာတွေ လူနာတွေရဲ့ ကျန်းမာရေးအရည်အသွေး ပြည့်မီအောင်မရတာမျိုးတွေ ဖြစ်လာနိုင်တယ်”

အမေရိကန်၏  နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ထောက်ပံ့မှုများရပ်တန့်ရန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်က ညွှန်ကြားပြီးနောက် ကျန်းမာ ရေး၊ပညာရေးနှင့်လူသားခြင်းစာနာထောက်ထားမှု လုပ်ငန်းများသာမက သတင်းမီဒီယာ အဖွဲ့အစည်း များ၏ ထောက်ပံ့ငွေများလည်း ဆိုင်းငံ့ခံခဲ့ရခြင်း ဖြစ်သည်။ 

နောက်ဆက်တွဲ ဖြစ်ရပ်များထဲတွင်  HIV လူနာများ နေ့စဉ် မပျက်မကွက် သုံးစွဲနေရသည့် ART (Antiretroviral Therapy) ကူညီထောက်ပံ့မှုများ ရပ်တန့်သွားမှုမှာ အကြီးမားဆုံး ပြဿနာ ဖြစ်လာသည်။ 

အမေရိကန်အစိုးရ၏ ကူညီထောက်ပံ့ရေး မူဝါဒအသစ်ကြောင့် ART ဆေးဝါး ထုတ်ယူရာတွင် စတင် အခက်အခဲရှိနေပြီး ပုံမှန် ၃ လစာ ထုတ်ယူနေရာမှ ၁ လစာ ဆေးဝါးသာရရှိတော့သည်ဟု ပြည်တွင်း အခြေစိုက်  HIV/AIDS နှင့် ဆေးယဉ်ပါးတီဘီ (Rifampicin) ရောဂါသည် ၁၀၀ ကျော်ကို အကူအညီ ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ 

“ရှေ့လျှောက် ဆေးတွေပြတ်ရင် အဟောင်းတွေတောင်မှ ဆေးက မလွယ်လောက်တော့ဘူး ထင်တယ်။ ဘာလို့ဆိုတော့ အပြင်မှာလည်း ဆေးက မရှိဘူးလေ။ ပိုက်ဆံရှိတောင်ဆေးက ဝယ်သောက်ဖို့ မလွယ်ဘူး။ သာမန် အကိုက်အခဲပျောက်ဆေးလိုမျိုးတောင်မှ ကိုယ်သောက်နေကျ Brand တွေ ရှာလို့ မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

နီပေါနိုင်ငံမှ  HIV လူနာတစ်ဦးကို ၂၀၁၁ ခုနှစ် သြဂုတ်လက တွေ့ရစဉ်။  (ဓာတ်ပုံ – EPA) 

HIV/AIDS ရောဂါဝေဒနာရှင်များသောက်ရသည့် ART ဆေးဝါးများကို အစိုးရဆေးရုံ၊ဆေးခန်းများတွင် ထုတ်ယူနိုင်ပြီး  နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် ဆေးခန်းများ တွင်လည်း ထုတ်ယူနိုင်သည်၊ စစ်အာဏာသိမ်းပြီးနောက် ဆေးဝါးရှားပါးနေရာ ဆေးဝါးပြတ်လပ်မည် ကို စိုးရိမ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“အများကြီး ဒုက္ခရောက်ကုန်မယ်ထင်တယ်။ သူတို့က နဂို မူလကတည်းကိုက အဖက်ဖက်ကနေပြီးတော့ စိတ်က မဝံ့မရဲဖြစ်နေတာလေ။ ဒီဟာကြီးက ART  မရတော့ဘူးဆိုရင်တော့ တော်တော်များများ အဆုံးအရှုံး များသွားမယ်ထင်တယ်” 

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၇၀၀၀၀ ကျော်ရှိပြီး လူဦးရေ၏ သုည ဒသမ ၆၄ ရာခိုင် နှုန်း ကူးစက်ခံထားရပြီဟု ကျမ်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ၏ လူဦးရေ တစ်သိန်းတွင် တီဘီရောဂါ လူနာသစ် ၄၇၅ ဦး ဖြစ်ပွားနေပြီး သေဆုံး မှုနှုန်း ၈၀ ဦးရှိသည်ဟု World Health Org  ၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားသည်။ 



ART ဆေး၊ အဆုတ်ရောဂါ  TB ဆေး နှင့် ဆေးယဉ်ပါး အဆုတ်ရောဂါ TB ဆေးဝါးများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့်နိုင်ငံတကာ အဖွဲ့အစည်း(INGO)များ၏ အလှူငွေများဖြင့် ဝယ်ယူရသည်ဟု  အထက်ပါ INGO ဝန်ထမ်းက ပြောသည်။ 

“ဆေးခန်းတွေကို INGO က ဖွင့်ပေမယ့် ဆေးဝါးတွေကို ကျန်းမာရေးဝန်ကြီးဌာနတွေက ယူရတယ်။ INGO ရဲ့ အခန်းကဏ္ဍက TB လူနာ HIV လူနာ တို့ ဆေးယဉ်ပါး TB လူနာတို့ကို လူနာသစ် ရှာဖွေရေးမှာ ကူညီပေးတယ်။ ပြီးတဲ့ အခါမှာ လူနာတွေကို ပြုစုကုသမှုနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးတယ်။ ဆေးကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ယူပြီးတော့  ဆေးခန်းမှာပဲ ဆေးပေးတယ်” ဟု ၎င်းက ဆိုသည်။ 

ထောက်ပံ့ကူညီမှု အစီအစဥ် ရပ်ဆိုင်းလိုက်၍ နိုင်ငံတကာအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ဆေးခန်းများ ပိတ်လိုက်သော်လည်း HIV နှင့် TB ရောဂါသည်များကို ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့်  ဆေးရုံ၊ ဆေးခန်းများသို့လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဒါပေမယ့် အခုလိုမျိုး ရုတ်တရက်များ INGO က ဆေးခန်းတွေက ပိတ်လိုက်ရ လို့ လူနာတွေကို ပြန်လွှဲမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနမှာရှိတဲ့ ဆေးခန်းနဲ့ လူအင်အားနဲ့က ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တာပေါ့။ အဲဒီလိုမျိုးတွေ ကြုံတွေ့ရနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။ 

၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန် အစိုးရ သုံးစွဲခဲ့သည့် ဒေါ်လာ ၁၀ ထရီလီယံ နီးပါးမှ ၃ ထရီလီယံသည် ကူညီ ထောက်ပံ့ရေးအစီအစဉ်များတွင် သုံးစွဲထားပြီး ပြည်ပသို့ ကူညီထောက်ပံ့မှု လုပ်ငန်းများကို စိစစ်သုံးသပ်ရန် လုပ်ငန်းများ ရက် ၉၀ ရပ်ထားရန်  အမေရိကန်သမ္မတ က ညွှန်ကြား ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *