ylliX - Online Advertising Network

နိုင်ငံက အလေးထား ရာနှုန်းပြည့် MSME ထုတ်ကုန်သစ်များ


 

နိုင်ငံက အလေးထား ရာနှုန်းပြည့် MSME ထုတ်ကုန်သစ်များ

 

      ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို   ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊    ရောင်းလိုအားသည်  ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက်  ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။  ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍  အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊ သစ်တော၊ စွမ်းအင်   အစရှိသော ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်ရေး ဆောင်ရွက်ချက်များသည်  နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

GDP(Gross Domestic Product)အညွှန်းကိန်းသည်  တစ်နှစ်တာကာလအတွင်း  ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏   စုစုပေါင်းငွေကြေးတန်ဖိုး၊ တိုင်းပြည်၏ စီးပွားရေး အတက်အကျကို  ညွှန်ပြနေခြင်းလည်းဖြစ်သည်။

ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲအားပေးခြင်းဖြင့် ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုကို  တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား  ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍    နိုင်ငံ၏စီးပွားရေး အဆင့်အတန်း  မြှင့်တင်သွားရပေမည်။   နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့်    နိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍ အသီးသီးကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။   စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့်   အခြေခံအရင်းအနှီးမှာ  လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေမီးအစုံစုံပြည့်စုံလျှင်  ထိုရေမြေပေါ်တွင် အခြေပြုတည်ဆောက်သွားနိုင်မည့်     စီးပွားရေး အဆောက်အအုံများစွာ ပေါ်ထွက်လာနိုင်ပေသည်။

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေး   လုပ်ငန်းများစွာကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစုများစွာမှသည်   စီးပွားရေးတွန်းအား တစ်ရပ်ဖြစ်လာပြီး   ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးများ   ဖြစ်လာသည်အထိ တိုးတက်ပြောင်းလဲ  လာနိုင်ပေသည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေးဆိုင်ရာ လိုအပ်သော   နည်းစနစ်နှင့်အသုံးဝင် သော နည်းလမ်းများကို  ကောင်းစွာ အသုံးချရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီတွင်    စိတ်ကူးသစ်များစွာ ပါရှိသည်။  မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စား   စီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။  မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့   တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဈေးကွက်ဝင်ရောင်းအား ကောင်းသည့် ပြင်ဦးလွင်က ဝိုင်၊ စတော်ဘယ်ရီ၊  နာနတ်ယိုနှင့်  မလိုင်မုန့်များ၊ ပုဂံညောင်ဦးက ပုန်းရည်ကြီးနှင့်ဆီးယို၊ ကျောက်ပန်းတောင်းအာလူးကြော် အစရှိသည့်   ဒေသထွက်စားစရာများသည်  လူတိုင်းပါးစပ်ဖျားတွင်   ရေပန်းစားလှသည်။

လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ်ရပ်တည်ကြသည်။   အပြန်အလှန်အားဖြင့်   ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏ တောင်းဆိုမှုအလိုက် ဖြည့်စွမ်း နိုင်သည့်အစီအမံများချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြုလုပ်ဆောင်သူများသည်  စားသုံးသူတိုင်းအတွက် လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့် ဈေးနှုန်းသည်   ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သော  ပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့်   ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊    အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များဖြစ်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကို   တွက်ဆ၍ ဈေးကွက်အပေါ်  သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများ   ပြုလုပ်ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်နှင့်အပြိုင်    အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊   တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ထိထိမိမိ အသုံးချရန် လိုအပ်ပေသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ပြီး   ကုန်ချောထုတ်လုပ်မှု အပိုင်းတွင်လည်း လူအများကြိုက်နှစ်သက်သည့်   အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများအထိ    ဈေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။

နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက်   ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသ ထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့်   ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင်   ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း   ပုံစံတူအတုအပ သတိပြုစရာအခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည်  သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင် ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း  ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန် လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို   ပြသရန်ဖြစ်ပါသည်။အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး   အလေးထား ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုများနှင့် ရင်းနှီးစိုက်ထုတ်ငွေ လိုအပ်မှု   အစရှိသည့် လုပ်ငန်းတစ်ခု၏ အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို  ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ် နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားကို  အကဲခတ်နိုင်ရမည် ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသိရှိရမည့် စနစ်တစ်ခုဖြစ်သည်။  ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့် ယှဉ်ပြိုင်မှုအသွင်အပြင်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့်   အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ရာခိုင်နှုန်းမှာ  နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍   ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင်  လိုအပ်လျက်ရှိသည့် ကွက်လပ်များကို  ဖြည့်ဆည်းနိုင်ရေး စီးပွားရေး လုပ်ငန်းရှင်အားလုံး အသေးစားနှင့်အလတ်စား  စီးပွားရေး လုပ်ငန်းများ လုပ်ငန်းတစ်ခုချင်းမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို   အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။  လုပ်ငန်းတိုင်းသည် မှန်ကန်သော လုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။

တစ်ဦး၏အားသာချက်ကို   တစ်ဦးကနားလည်ပြီး  မိမိ၏အရည်အသွေးကို တိုးတက်စေသည့်   ပြိုင်ဘက်ကောင်း ရွေးချယ်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ထုတ်ကုန်အသစ်၊ အမယ်သစ်များ   ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။   ချေးငွေနှင့် အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံ ရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်း အစီအစဉ်ရှိသည်။ မတူညီသောလုပ်ငန်း အစီအစဉ်၊   မတူညီသောလုပ်ငန်း နယ်ပယ်များတွင်  လုပ်ငန်းတစ်ခု    ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည်  အကျိုးအမြတ်ကို  ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင် ကောင်းပေါ်တွင်  တည်မှီနေခြင်းကြောင့်  ခိုင်မာသော ဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ  ပိုမိုအားကောင်းလာပါက   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်၊   လူသုံးကုန်များနှင့် အဝတ်အထည်များ သုံးစွဲအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချသွားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း   ၂၀၂၅  ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ  နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌  (၇၈)နှစ်မြောက်   ပြည်ထောင်စုနေ့အထိမ်းအမှတ်  MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး   ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို   အခြားဒေသမှ  ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊  အားနည်းချက်များကို   သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည်    “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်”ကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု  အစီအမံများ  အောင်မြင်ရေးအတွက်   အားပေးမြှင့်တင်ရန်၊  MSME  များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့်    တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို  ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်   ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊  MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊   ပြည်ထောင်စုအဆင့် အသိအမှတ်ပြု  MSME  လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့်    ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ 

သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ လူတိုင်းအသုံးချနိုင်သည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ  ထုတ်လုပ်နိုင်မည်ဆိုပါက    ပြည်ပဝင်ငွေများလည်း ရရှိနိုင်ပေသည်။  နိုင်ငံတော်၏အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ပြည်ပဝင်ငွေရရှိခြင်း   အစရှိသည့်အခြေအနေများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေး(MSME) လုပ်ငန်းများကို   အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ပစ္စည်းအားလုံး Made in  Myanmar  စာတန်းထိုး ဖော်ပြပါရှိမှုနှင့်အတူ ထုတ်ကုန်များ ကမ္ဘာပတ်နိုင်ခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း   သုံးသပ်တင်ပြလိုက်ရပါသည်။    ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *