ylliX - Online Advertising Network

တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲဟု AA ဆို


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်သည့် အမ်းမြို့နယ်ရှိတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် (AA) က  ယနေ့ (အောက်တိုဘာ ၂၅ ) တွင် ပြောသည်။

အမ်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ကာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာကာ မြို့နယ် တစ်ခုလုံး သိမ်းပိုက်ရန်အထိ စစ်ရေးကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။

“အမ်းမြို့မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရေး တိုက်ပွဲဆက်ပြင်းထန်နေတယ်။ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်လို့ပြင်းထန်နေတယ်။ မောင်တောမှာ၊ နောက်ဆုံးလက်ကျန် စခန်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ် “ဟု AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလက်များကို လတ်တလောထုတ်ပြော၍ မရသေးဟု ၎င်းက ဆိုသည်။

AA သည် စစ်ရေးအရအရေးပါသော မဲတောင်ဗျူဟာကုန်းစခန်းကို အောက်တိုဘာ ၇ တွင် သိမ်းပိုက် နိုင်ခဲ့သည်။ ထို့နောက်  ခြေမြန်တပ်ရင်း (ခမရ) ၃၇၃၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ)၊ ဆေးတပ်၊ ခမရ ၃၇၂ နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E) တို့ကို သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အမ်းကတော့ တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာ သုံးလေးရက်လောက်ရှိပြီ။ ကုန်ခဲ့တဲ့နှစ်ရက်ကတော့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိတော့ လေယာဥ်နဲ့ဗုံးကြဲမှုတွေ မရှိသလောက် ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

“မနေ့ကတော့ နေ့လယ်ပိုင်းကပင် လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲတယ်။ ညနေပိုင်းလည်း ဗုံးကြဲတာရှိတယ်။ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုရှိတယ်”

တပ်စခန်းများ သိမ်းပိုက်ရရှိမှုအခြေအနေနှင့် ပတ်သက်ပြီး ဦးခိုင်သုခကို မေးမြန်းရာတွင် ဖြေဆိုရန် ငြင်းဆန်သည်။ စစ်ကောင်စီကလည်း ရခိုင်တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

လက်ရှိတွင် AA  က အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲက သိပ်ပြင်းထန်နေတယ်။ အမ်းတစ်မြို့လုံးမှာ၊ တပ်ရှိတဲ့နေရာတိုင်းမှာ တိုက်ပွဲဖြစ်နေတာ “ဟု ၎င်းက ဆိုသည်။

ထို့ပြင် အမ်းမြို့နှင့်တစ်မိုင်ကျော်အကွာရှိ တိုင်းစစ်ဌာနချုပ်ကိုလည်း AA က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။ အမ်း-မအီကားလမ်း၊အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့ AA နှင့်မဟာမိတ်တပ်တို့က ဝိုင်းရံပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီသည် လက်နက်အင်အား၊ လူအင်အားပို့ရန် အခက်အခဲရှိသည်ဟု အထက်ပါ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူက ပြောသည်။

“မြို့ကို ဘေးပတ်ပတ်လည်က ဝိုင်းပြီးတိုက်နေတော့ အထဲမှာရှိတဲ့ စစ်ကောင်စီစစ်သားတွေအနေနဲ့ ထွက်ပြေးဖို့ဆိုတာက မလွယ်တော့ဘူး။ အလံဖြူထောင်ရင်ထောင်၊ မဟုတ်ရင် သေလမ်းပဲ ရှိတော့ တယ်” ဟု ထိုသူက ပြောသည်။



“လေယာဉ်က တစ်နေရာကတိုက်မယ်ဆိုရင် ကျန်နေရာတွေက ဝိုင်းပြီးလက်နက်ကြီးတွေနဲ့ ပစ်နေတာ ။ တိုင်းစစ်ဌာနချုပ်နဲ့အခြေစိုက်တပ်ရင်းတွေကို တောက်လျှောက်ပစ်ပါတယ်။အားလုံးက ဝိုင်းပြီး ပစ်နေ တော့ လေယာဉ်ကပစ်နေပေမယ့် ထိရောက်မှုမရှိဘူးလို့ ပြောလို့ရပါတယ်  “

AA သည် အမ်းလေယာဥ်ကွင်းကို လက်နက်ကြီးဖြင့် ချိန်ရွယ်ထားသဖြင့် စစ်ကောင်စီက ထိုကွင်းကို အသုံးပြုဝံ့မည် မဟုတ်သလို   မြစ်ချောင်းများလည်း ကျဥ်းမြောင်းသဖြင့် စစ်ရေယာဥ်များသွားလာရ ခက်ခဲမည်ဟု ဒေသတွင်းရင်းမြစ်များက ယူဆနေကြသည်။ 

ထို့ကြောင့် စစ်ကောင်စီသည် မြေပြင်သို့ လေကြောင်း၊ ရေကြောင်းမှ စစ်ကူပို့ရန် လွန်စွာ ခက်ခဲသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။ 

အမ်းနှင့်နယ်မြေကပ် လျက်ဖြစ်သော မကွေးတိုင်းအတွင်းတွင်လည်း တိုက်ပွဲများဖြစ်ခဲ့သည် ဟု မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံက သိရသည်။ 

စစ်တပ် အင်တာနက်စာမျက်နှာတွင် တိုက်ပွဲသတင်း ဖော်ပြခြင်း မရှိသော်လည်း အောက်တိုဘာ  ၁၆ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင်  အမ်း-ပဒါန်းသွား ကားလမ်းပေါ်ရှိ  မော်တော်ယာဉ်များကို AA က  ပစ်ခတ်၊ ခရီးသည် အများအပြားကို ဖမ်းသွားသဖြင့် ထိုနေရာတွင် “လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များ” ဆက်လက်ဆောင်ရွက်ပေးနေသည်ဟု ဖော်ပြထားသည်။ 

ထိုသတင်းနှင့် ပတ်သက်ပြီး AA ၏ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

မကွေးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိုဒေသတွင် တိုက်ပွဲများရှိနေသည်ဟု ပြောသည်။ 

“ငဖဲ -အမ်း- ပဒါန်း လမ်းမှာက AAရော အခြား မဟာမိတ်တွေပါ တပ်ဖြန့်ထားတယ်။ အမ်း- မကွေး နယ်စပ်မှာ စကစ တက်လာတဲ့ စစ်ကြောင်း အတော်များများကို AA နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ မကြာမကြာ တိုက်ပွဲဖြစ်တယ်။ စကစ က အမ်းဘက်က မင်းဘူးဘက်ဝင်တဲ့ အဝင်ကားမှန်သမျှ အထူးကြပ်တယ်” ဟု သူက ပြောသည်။ 

အမ်းမြို့နယ်အတွင်း ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လတွင် AA အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းတိုက်ပွဲ ရပ်တန့်သွားခဲ့သည်။ 

ထို့နောက် မဲတောင်ဗျူဟာကုန်းစခန်းသိမ်းပွဲမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာခြင်း ဖြစ် သည်။အမ်းမြို့သိမ်းတိုက်ပွဲတွင်  ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) တို့ ပါဝင်တိုက်ခိုက်နေပြီး ယခုလတွင် တပ်ဖွဲ့ဝင်တစ်ဦးစီ ဆုံးရှုံးထားကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း PIA မှ အသက် ၁၉ နှစ်အရွယ် ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်း၊ အသက် ၂၁ နှစ်အရွယ် ရဲဘော် ဘိုင်အို (ခ) သွင်ထူးအောင် အမ်းတိုက်ပွဲတွင် သေဆုံးခဲ့သလို ကျောင်းသားလက်ရုံး တပ်တော်မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်အားပေါင် မေလအတွင်း အမ်းမြို့နယ်၊ တောဟိန်းတောင် ဗျူဟာတိုက်ပွဲတွင် သေဆုံးထားသည်။

 ဧပြီလက အမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၏ မြေပုံတွင် တွေ့ရသော စစ်သည်များ။ (ဓာတ်ပုံ- PIA)

စစ်ကောင်စီကလည်း အမ်းမြို့တွင်းမြို့ပြင်ပိတ်ဆို့ ထားသောကြောင့် ဒေသခံအများအပြား ပိတ်မိနေပြီး လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု အထက်ပါ အမ်းဒေသခံက ပြောသည်။

“စိုးရိမ်တာကတော့ အပြည့်အဝ စိုးရိမ်နေရတယ်။ ဘယ်နေ့ကိုယ့်ဆီကို ကျည်ဆန်တွေလာမလဲဆိုပြီး စိတ်ပူနေရတယ်” ဟု ၎င်းက ဆိုသည်။ 

အမ်းမြို့မှဒေသခံများမှာ တိုက်ပွဲမဖြစ်ပွားမီက ဘေးလွတ်မည်ဟုထင်ရသည့် ကျေးရွာများသို့ ရွှေ့ ပြောင်းသွားကြသည်။ ယင်းနောက် မဲတောင်တိုက်ပွဲပြင်းထန်လာချိန်တွင် တောင်ခြေတဝိုက်မှ ဒေသခံ များ မြို့ထဲသို့ ဝင်၍ နေထိုင်ကြစဉ် ပိတ်မိနေကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“အခုက စားနပ်ရိက္ခာတွေဆိုရင်လည်း အကုန်ပြတ်တောက်နေတယ်။ လမ်းပိတ်လိုက်တယ်ဆိုတော့ အကုန်ပြတ်ကုန်သွားတာ။ ဆန်ကအစပေါ့လေ” ဟု ၎င်းက ဆိုသည်။

ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁ သိန်း၂ သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည်၊ စီးပွားရေးမဖွံ့ဖြိုးသော်လည်း ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းစစ်ဒေသ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မြို့ဖြစ်သဖြင့် စစ်ရေးအရအရေးပါသည်။

အမ်းမြို့တွင် နပခဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E )၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိပြီး၊ စစ်ကိုင်းတိုင်း စကခ (၁၀) လက်အောက်ခံ ခမရ( ၃၆၂)၊ ခမရ (၃၆၅)၊ ခမရ (၃၆၉) တပ်ရင်းများလည်း ပူးပေါင်းအင်အားဖြည့်ထားကြောင်း သိရသည်။

အမ်းမြို့နယ်ရှိ ကျေးရွာအများအပြားကို ဖြတ်သန်းကာ မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားသည်။ 

တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ် တည်းက စတင် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။

ထို့ကြောင့် အမ်းမြို့ကိုရပါက ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ ရှိနေသော ကျောက်ဖြူမြို့နယ်ကိုပါ AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။ 

လက်ရှိတွင် ဂွမြို့နယ်၊တိုင်ကျိုးရွာအနီးတို့တွင်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး မောင်တောမြို့ရှိ တစ်ခုတည်းသော တပ်စခန်းဖြစ်သည့် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅)  ကို တိုက်ခိုက် နေသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊  သံတွဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

ကျောင်းသားလက်ရုံးတပ်တော်မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်အားပေါင်၏ နာရေး အခမ်းအနား။ (ဓာတ်ပုံ-SAF)





Source link

Leave a Reply

Your email address will not be published. Required fields are marked *