၂၀၁၇ ခုနှစ်က Phantom Thread ရုပ်ရှင်ထွက်အပြီးမှာ သရုပ်ဆောင်လောကကနေ အနားယူပြီလို့ ကြေညာခဲ့တဲ့ ပါရမီရှင်သရုပ်ဆောင်ကြီး Daniel Day-Lewis ဟာ ၇ နှစ်အကြာမှာတော့ သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Daniel Day-Lewis ဟာ အော်စကာဆုဆန်ကာတင်စာရင်းမှာ ၆ ကြိမ်အထိပါဝင်ခဲ့ဖူးပြီး ၃ ကြိမ်တိတိ ဆုဆွတ်ခူးခဲ့ဖူးတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ Lincoln, There will be Blood ရုပ်ရှင်တွေနဲ့ လူသိများကျော်ကြားတဲ့ Daniel Day-Lewis ဟာ ၂၀၁၇ ခုနှစ်က Phantom Thread ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဟောလိဝုဒ်ကနေ အနားယူသွားတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သားဖြစ်သူ Ronan Day-Lewis ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Anemone” မှာ ပါဝင်လာတော့မှာဖြစ်ကြောင်း အတည်ပြုလာခဲ့ပါတယ်။
Anemone ရုပ်ရှင်ဟာ အဖေ၊ သားနဲ့ ညီအစ်ကိုတွေကြားက မိသားစုဆက်ဆံရေးတွေကို ပုံဖော်ပြမယ့်ရုပ်ရှင်လို့သိရပြီး Ronan နဲ့ Daniel Day-Lewis သားအဖနှစ်ယောက်က ဇာတ်ညွှန်းကို အတူရေးသားထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Daniel Day-Lewis အပြင် Game of Thrones စီးရီးမှာ Ned Stark အဖြစ်လူသိများတဲ့ မင်းသားကြီး Sean Bean လည်းပါဝင်သွားဦးမှာပါ။ Anemone ရုပ်ရှင်ကို မကြာခင်မှာ စတင်ရိုက်ကူးသွားတော့မှာဖြစ်ပြီး သရုပ်ဆောင်အတတ်ပညာနဲ့ပတ်သက်လာရင် အမြဲတမ်းစိတ်ဝင်တစားစောင့်ကြည့်လေ့လာရတဲ့ ပါရမီရှင်မင်းသားကြီး Daniel Day-Lewis တစ်ယောက် ဒီရုပ်ရှင်မှာလည်း ဘယ်လိုမျိုး စွမ်းဆောင်ပြဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။
Ref: IndieWire